ရန်ကုန်၊ စက်တင်ဘာ ၁၀
ရန်ကုန်စည်ပင်သာယာနယ်နမိတ်အတွင်း Unplugged တေးဂီတဖျော်ဖြေရေးအစီစဉ်များနှင့် တွဲဖက်ဖွင့်လှစ်ထားသည့် စာသောက်ဆိုင် (Bar)များသည် တစ်လလျှင် ၃သိန်းကျပ် နှုန်းဖြင့် တစ်နှစ်အတွက် ၃၆ သိန်းကို ယခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ နောက်ဆုံးထား၍ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ယခု ပေးဆောင်ရမည့် အစီစဉ်တွင် Unplugged ဖျော်ဖြေရေး ထည့်တွင်းထားသည့် ဆိုင်များသာ ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ Unplugged နှင့်တွဲကာ Bar ဖွင့်လှစ် ထားသည့် ဆိုင်ရှင်တစ်ဦးက ယနေ့ခေတ်ကို ပြောကြားသည်။
“တစ်လကို ၃ သိန်းနဲ့ တစ်နှစ် ၃၆ သိန်းဆောင်ရမှာ။ Unplugged ထည့်မယ်ဆို ဆောင်ရမယ်။ မထည့်ရင်တော့ မဆောင်ရဘူး။ တစ်နှစ်စာ ၃၆ ကို အောက်တိုဘာလ ၅ ရက်နေ့ နောက်ဆုံးထားပြီး တစ်ခါထဲဆောင်ရမှာ” ဟု Bar ပိုင်ရှင်တစ်ဦးက ယနေ့ခေတ်ကို ပြောသည်။
ထိုကဲ့သို့ အခွန်ကောက်ခံခြင်းကြောင့် Unplugged ပါသည့် Bar ဆိုင်အချို Unplugged အစီစဉ်းများ ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
“သူတို့တွေက အခွန်ကောက်ဖို့ပဲ သိတယ်။ အဆင်ပြေလား၊ မပြေလားမသိဘူး။ Bar ဆိုင်များလာတာပဲ မြင်တာ။ ရောင်းရလား၊ မရောင်းရလား မသိဘူး။ အခုလို အခွန်ကောက် တော့ မပေးနိုင်တဲ့ဆိုင်တွေ Unplugged မထည့်နိုင်တော့ဘူး။ အတီးသမားတွေအတွက်လဲ မတီးရ၊ အဆိုရှင်တွေအတွက်လဲ မဆိုရ၊ အခုလို အချိန်မျိုးမှာ ခက်ခဲတာပေါ့။“ ဟု အဆိုရှင်တစ်ဦးက ယနေ့ခေတ်သို့ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လကလည်း Unplugged ပါဝင်သည့် Bar ဆိုင်များ ည ၉ နာရီ ပိတ်သိမ်းရမည်ဟု သတင်းများထွက်ပေါ်ခဲ့သေးသည်။
ချစ်ချစ်ခိုင်
ဓာတ်ပုံ – ရန်ကုန်မြို့တွင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် လူကြိုက်များနေ သည့် Bar တစ်ခု
ရန်ကုန်မြို့တွင် Unplugged နှင့် တွဲ၍ဖွင့်လှစ်ထားသည့် Bar များ တစ်နှစ်လျှင် အခွန် ငွေ ၃၆ သိန်း ပေးဆောင်ရမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်