ရန်ကုန်၊ ဧပြီ ၂၁
ရန်ကုန်မြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းများမြင့်တက်လာခြင်းကြောင့် ရပ်ကွက်အတွင်းရှိ အသား၊ ငါးရောင်းချသူ ဈေးသည်အချို့ အရောင်းအဝယ်ပါးနေကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်ပတ်အတွင်း ရန်ကုန်မြို့၊ စည်ပင်သာယာဈေးများတွင် ဝက်သားတစ်ပိဿာလျှင် ၃၀,၀၀၀ ကျပ်ရှိခဲ့ရာမှ ယခုအခါ ၃၅,၀၀၀ ကျပ်အထိ ရောက်ရှိလာပြီး၊ ကြက်သားတစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ်မှ ၁၇,၀၀၀ ကျပ်အထိ ရောက်ရှိလာ ကာယနေ့အထိ ဈေးနှုန်ကျဆင်းခြင်းမရှိသေးကြောင်း သိရသည်။
“အမတို့လည်း ဖောက်သည်ယူရတဲ့ဈေးတောင် တစ်ပိဿာဆို ထောင်ဂဏန်းလောက်ပဲမြတ်တာ။ အများကြီးတင်ရောင်းလို့လည်းမရဘူး။ ဒါတောင် ယူရင်ယူသလောက် မကုန်တော့ဘူး။ ခါတိုင်း ဝက်တစ်ကောင် အချိန်သုံးဆယ်ဆို မနက်ပိုင်းနဲ့တင် ပြတ်တယ်။ ဒီရက်ထဲ ညနေဆိုပြန်ထွက်ရောင်းရတဲ့ရက်တွေလည်းရှိတယ်။ အခုက ၃၅,၀၀၀ ဈေးအထိဖြစ်လာတော့ တချို့ဝယ်နေကြလူတွေတောင် မဝယ်ကြဘူး။ ဈေးကလည်းပြန်မကျသေးဘူး။” ဟု ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ ဝက်သားရောင်းချသူတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။
ထို့အပြင် ငါးကြင်းဖြူတစ်ပိဿလျှင် ၂၀,၀၀၀ ကျပ်ရှိခဲ့ရာမှ ယခု ၂၃,၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့ပြီး၊ ငါးမြစ်ချင်းတစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့ခြင်းကြောင့် စားသုံးသူအချို့လည်း အခက်အခဲများ ရှိနေကြောင်း သိရသည်။
“ဟိုရက်ကတော့ ငါးကြင်းက နှစ်ထောင်ဈေးနဲ့ နှစ်ဆယ့်ငါးကျပ်သားဆို ငါးထောင်နဲ့ရသေးတယ်။ အခုက ခြောက်ထောင်ငါးရာဖိုး အနည်းဆုံးဝယ်မှရတယ်။ မိသားစုများရင်တော့ မကိုက်ဘူးပေါ့။ ငါးမြစ်ချင်းကျတော့လည်း နည်းနည်းညှီမလားဆိုပြီး မစားချင်။ ဟင်းစာတွေလည်း ဘာဝယ်ချက်လို့ ချက်ရမှန်းမသိဘူး။” ဟု အိမ်ရှင်မတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အခြေခံစားသောက်ကုန်တစ်ခုဖြစ်သည့် ကြက်ဥဈေးနှုန်းများမြင့်တက်လာခြင်းသည် ငလျင်လှုပ်ခတ်ခဲ့မှုနှင့်ဆက်စပ်နေကြောင်း ကြက်ဥအရောင်းဒိုင်တစ်ခုမှ သိရသည်။
“ကြက်ဥတွေက လိုသလောက်ဝယ်လို့ကိုမရတာ။ ခါတိုင်းဆို အော်ဒါဒီနေ့မှာရင် ဒီနေ့ပို့နိုင်တယ်။ အခုက ပစ္စည်းတွေပြတ်တာများနေတယ်။ ရရင်ရသလောက်နဲ့ရောင်းနေရတယ်။ ဈေးကတော့ နည်းနည်းတက်တယ်လို့ပြောလို့ရတယ်။ ငလျင်ဖြစ်တော့ အလှူရှင်တွေက ငလျင်ဘက်တွေကို သွားလှူကြတာလည်းများတယ်။ နောက်တစ်ခုက ကုန်တင်ကုန်ချ လူငှားစားရိတ်တွေလည်း တက်တာလည်းပါတာတော့ပေါ့နော်။” ဟု ကြက်ဥအရောင်းဒိုင်တစ်ခုမှ သိရသည်။
မီးဖိုချောင်တွင်ပါဝင်သည့် အခြေခံစာသောက်ကုန်းများဖြစ်သည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူး၊ ငါးခြောက် စသည့်ကုန်ခြောက်ဈေးနှုန်းများမှ လက်ရှိအချိန်တွင် ဈေးတည်ငြိမ်နေကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ_ယနေ့ခေတ်
#ယနေ့ခေတ်
ရန်ကုန်မြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းမြင့်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်