ရန်ကုန်၊ နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ အလုံမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်အပါအဝင် မြို့နယ်အချို့တွင် နိုဝင်ဘာ ၂၇ ရက်၊ ညဦးပိုင်းက ပံ့သကူပစ်သည့် ကားနောက်လိုက်ရင်း ယာဥ်တိုက်မှုဖြစ်ပွားပြီး လူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေမေတ္တာ လူမှုကူရေးအသင်းထံမှ သိရသည်။
“ မြေပြင်ဆေးဝါးကုသမှုပိုင်းလောက်နဲ့ ကုသရတဲ့ လူနာတွေကို လူမှုကူညီရေးအသင်းများက ကူညီဆောင်ရွက်ကုသပေးပါတယ်။ ဒဏ်ရာပြင်းထန် လူနာတွေကိုတော့ ဆေးရုံပို့ပေးရတဲ့အထိ ရှိခဲ့ပါတယ်။ ဒဒုံမြို့သစ်(မြောက်ပိုင်း)မှာက ပံ့သကူးပစ်တဲ့ ကားနောက်လိုက်တဲ့လူတစ်ဦး လက်ကိုကားတက်ကြိတ်ခံရလို့ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ လူနာကိုတော့ ဆေးရုံကြီးပို့ရတဲ့အထိ ရှိခဲ့ပါတယ်။ အချို့မြို့နယ်တွေမှာလဲ လူမှုကူညီရေးအသင်းတွေက အခုလိုအကူအညီပေးတာတွေ ရှိခဲ့ပါတယ်။” ဟု ဝန်းရံမှူး လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပံ့သကူပစ်သည့် ကားနောက်လိုက်ရင်း လူငယ်တစ်ဦး၏လက်အား အနောက်မှလိုက်ပါလာသည့် ကားတစ်စီးက ကြိတ်မိခြင်းကြောင့် လက်တွင် ပြင်းထန်ဒဏ်ရာရရှိပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ဝန်းရံမှူး လူမှုကူညီရေးအသင်းမှ သိရသည်။
အလားတူ သာကေတမြို့နယ်တွင် ဘေးတွဲဆိုင်ကယ် ပွတ်ဆွဲမိသူကို မြေပြင်ကုသပေးခဲ့ရပြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် ပံ့သကူပစ်သည့် အနောက်လိုက်ရင်း ရေထဲပြုတ်ကျသွား သည့် ကလေးငယ်တစ်ဦးအား ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
ထို့အပြင် ပဲခူးမြို့နယ်တွင် ပံ့သကူအဖွဲ့အား တိမ်းရှောင်လိုက်ရာမှ အိုးဝေသုံးဘီးနှင့် အိမ်စီးကား မျက်နှာချင်းဆိုင်တိုက်မိပြီး အိုးဝေသုံးဘီမောင်းနှင်သူ ပြင်းထန်ဒဏ်ရာရရှိပြီး ပဲခူးဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ရကြောင်း မြို့ ခံလူမှုကူညီရေးအသင်းက ယနေ့ခေတ်သို့ ပြောသည်။
ဓာတ်ပုံ-ရွှေမေတ္တာ လူမှုကူညီရေးအသင်း
ရန်ကုန်မြို့တွင် ပံ့သကူပစ်သည့်ကားနောက်လိုက်ရင်း ကားတိုက်မှုဖြစ် လူအချို့ ထိခိုက်ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်