ရန်ကုန်၊ စက်တင်ဘာ ၁၂
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့်စီမံကိန်း ပျက်ပြယ်သွားပြီဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်ရုံး)မှ သိရသည်။
အဆိုပါစီမံကိန်းကို ပြီးခဲ့သည့်အစိုးရလက်ထက်တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယင်းစီမံကိန်းတစ်ခုလုံးသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
“ စီမံကိန်းက ရပ်သွားပြီ။ တင်ဒါအောင်မြင်ထားတဲ့ ကုမ္ပဏီတွေကလည်း ထွက်သွားပြီ။ မရှိတော့ဘူး။” ဟု မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)မှ တာဝန်ရှိသူတစ်ဦးက ယနေ့ ခေတ်သို့ ပြောသည်။
ယင်းစီမံကိန်း အကျယ်ဝန်းမှာ ၆၃ ဒသမ ၅ ဧကခန့်ရှိပြီး ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁ ဒသမ ၁၉ သန်းကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရန်ကုန်ဘူတာကြီး အဆင့်မြှင့် တင်မည့်စီမံကိန်းသည် တောင်ဘက်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြောက်ဘက်တွင် ဗိုလ်မင်းရောင်လမ်း၊ အနောက်ဘက်တွင် ဆူးလေဘုရားလမ်းနှင့် အရှေ့ဘက်တွင် သိမ်ဖြူ လမ်းတို့ကြားရှိ မြေဧရိယာအတွင်း ဟိုတယ်များ၊ ရုံးခန်းများ၊ ကွန်ဒိုအဆောက်အဦများ တည်ဆောက်မည်ဖြစ်ပြီး ထိုအဆောက်အဦများ၏အလယ်တွင် ရထားဘူတာရုံသစ်ကို လက်ရှိဘူတာရုံကြီး၏ဘေးတွင် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းပြီးစီးပါက မြန်မာ့မီးရထားသို့ တစ်လလျှင် ဒေါ်လာလေးသန်း ရှာဖွေပေးနိုင်မည် ဖြစ်ကြောင်းလည်း သိရသည်။
စုစု
ဓာတ်ပုံ-အင်တာနက်
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မည့်စီမံကိန်း ပျက်ပြယ်သွား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်