ရန်ကုန်၊ မေ ၆
ရန်ကုန်မြို့အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအချို့တွင် လျှပ်စစ်မီးပြတ်တောက်မှုမှာ ပြီးခဲ့သည့် ဧပြီလမှစတင်ပြီး ပြတ်တောက်ချိန်ပိုမိုများလာသည်နှင့်အတူ ရေသန့်ဗူးစျေးနှုန်းများပါမြင့်တက်လာခဲ့ကြောင်း ရန်ကုန်မြို့နေပြည်သူများထံမှ သိရသည်။
“ ဒီနှစ်နွေရာသီမှာ အပူချိန်က အရင်နှစ်တွေထက် နှစ်ဆလောက်မြင့်တက်လာတယ်။ ဒါ့အပြင် မီးပြတ်တောက်ချိန်ကလဲ ပိုများလာတယ်။ မီးပြတ်လာပြီးနောက် ဆိုးကျိုးက ရေသန့်ဗူးတွေစျေးပိုမြင့်လာတယ်။ အရင်ကတစ်ဗူး ၅၀၀ ပဲပေးရတယ်။ အခုတစ်ဗူး ၈၀၀ လောက်ပေးရတယ်။” ဟု မြောက်ဥက္ကလာပမြို့နေ စာရေးဆရာတစ်ဦးက ယနေ့ခေတ်သို့ ပြော သည်။
လက်ရှိ အပူချိန်လွန်ကဲလာခြင်းကြောင့် သောက်ရေသန့်ဗူးများ လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရန် လျှပ်စစ်မီးအစား မီးစက်များအသုံးပြုကာ ထုတ်လုပ်နေရခြင်းဖြစ်ကြောင်း Myanmar Max ရေသန့်စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
“ မီးက တစ်ရက်နှစ်နာရီတောင် ပုံမှန်မလာတော့ စက်မောင်းပြီး ရေသန့်စက်လည်ပတ်ဖို့ ဆောင်ရွက်ခဲ့ရပါတယ်။ စက်သုံးဆီကုန်ကျစရိတ်ကလည်း အရင်ကထက် ပိုတက်ခဲ့တော့ ရေသန့်ဗူးကြီး ၂၀ လီတာဗူးတွေ အနည်းငယ်စျေးမြင့်တက်လိုက်ရပါတယ်။” ဟု Myanmar Max ရေသန့်စက်ရုံမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ ရေသန့်ဗူးကြီး ၂၀ လီတာတစ်ဗူးကို ရေသန့်စင်ရုံများက တစ်ဗူးလျှင်တစ်ရာကျပ်သာ တိုးမြင့်ရခြင်းဖြစ်ပြီး တစ်ဆင့်ခံသယ်ယူပို့ဆောင်ပေးသည့် ရေသန့်ဗူးကိုယ်စားလှယ်များဘက်မှ ပိုမိုတင်ရောင်းနေခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ- CJ
ရန်ကုန်တွင် လျှပ်စစ်မီးပြတ်တောက်ချိန် များပြားလာသည်နှင့်အတူ ရေသန့်ဗူးစျေးများ မြင့်တက်လာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်