ရန်ကုန်တွင် ပေါ်တာဆွဲခြင်းမရှိ ဟုဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၂

ရန်ကုန်မြို့တွင် ပေါ်တာဆွဲခြင်းမရှိပဲ သတင်းအမှားသာဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် သတင်းဖော်ပြထားသည်။

ရန်ကုန်တွင် ပေါ်တာဆွဲခြင်းမရှိကြောင်း၊ ပြည်သူများ စိတ်ပူရန်မလိုကြောင်း နှင့် ကောလာဟလ ဖြန့်နေခြင်းသာဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်ဟု အဆိုပါ သတင်းအရ သိရသည်။

ထိုသို့သတင်းထုတ်ပြန်ထားသော်လည်း ယခုရက်ပိုင်း၌ ရန်ကုန်မြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် လူငယ်အမျိုးသား ၁၀ ဦးထက်မနည်း ပျောက်ဆုံး လျက်ရှိနေကာ ယနေ့အထိရှာမတွေ့သေးကြောင်း ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များက ယနေ့ခေတ်သို့ ပြောသည်။

“ လှိုင်မှာ အဆောင်နေတဲ့ ကောင်လေးနှစ်ယောက်က အဆောင်ရှေ့မှာထိုင်ပြီး ဘီယာသောက်နေတာကို ဖမ်းခေါ်သွားတယ်။ လိုက်ရွေးဖို့ ရဲစခန်းတွေစုံစမ်းတာလဲ မရဘူး။ ည ၉ နာရီဝန်းကျင်ပဲရှိဦးမယ်။ကျောင်းလာတက်တဲ့ကလေးတွေက ၂၀ ဝန်းကျင်လေးတွေပဲရှိသေးတယ်။” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

အလားတူဖြစ်စဉ်မျိုးမှာ ယခုရက်ပိုင်းတွင် ရန်ကုန်မြို့တွင်း၌သာမက လှိုင်သာယာ၊ အင်းစိန်၊ သာကေတ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ (တောင်ပိုင်း)နှင့် (အရှေ့ပိုင်း)မြို့နယ်များတွင် လည်း ဖြစ်ပွားလျက်ရှိနေကာ အချို့ဖြစ်စဉ်များတွင် ဖမ်းဆီးခံရသည့်လူငယ်များအား ငွေကြေးပေးကာ ပြန်လည်ထုတ်ယူရမှုများ ရှိနေကြောင်း အတည်မပြုနိုင်သော ကောလာ ဟလသတင်းများလည်း ထွက်ပေါ် လျက်ရှိသည်။

“ ဒီရက်ပိုင်း ပျောက်ဆုံးသူတွေ များလာတာတော့ လူတိုင်းသိနေတာပဲ။ တချို့က တကယ်ပျောက်တာတွေရှိသလို၊ တချို့ကျတော့ ဖေ့စ်ဘုတ်ပေါ် ပို့စ်တင်ပြီး ပြန်ဖျက်သွားတာတွေ လည်းရှိတယ်။ တချို့ကလည်း ငွေပေးပြီးပြန်ထုတ်ရတာတွေရှိတယ်လည်း ပြောတယ်။ အဲ့ဒီဖြစ်စဉ်တွေ တကယ်ဟုတ်လား၊ မဟုတ်လားဆိုတာ တိတိကျကျပြောတာတော့ အခု ထိမသိရဘူး။” ဟု တာမွေမြို့၌နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ သတင်းများ ထွက်ပေါ်လျက်ရှိနေ၍ ရန်ကုန်မြို့ခံများအကြား စိုးရိမ်မှုများရှိနေကြောင်း သိရသည်။

“ အခုက အလုပ်ပြန်လာတဲ့ကလေးတွေ အိမ်တန်းပြန်ဖို့ပဲ မှာနေရတယ်။ သူတို့မှာက လုပ်ပိုင်ခွင့်ရှိနေတာလေ။ ဆုံးရှုံးရမှာ ကိုယ့်သားသမီးဆိုတော့ အရမ်းစိတ်ပူရတယ်။ ည ၈ နာရီ၊ ၉ နာရီမှ အိမ်ပြန်ရောက်မလာသေးရင် ဘုရားစာရွတ်ပြီးစောင့်နေရတာ။” ဟု တောင်ဒဂုံတွင်နေထိုင်သည့် အသက် ၅၀ ဝန်းကျင် မိခင်တစ်ဦးက ပြောသည်။

ရန်ကုန်မြို့လယ် ဆူးလေအပါအဝင် အခြားမြို့နယ်များ၌ ယခုရက်ပိုင်း ပျောက်ဆုံးနေသူများရှိကြောင်း သတင်းများထွက်ပေါ်ပြီးနောက် ရန်ကုန်မြို့တွင်း မြို့ နယ်များ၌ပင် ည ၉ နာရီနောက်ပိုင်း၌ လမ်းပေါ်တွင်သွားလာသူ မရှိသလောက် နည်းပါးလျက်ရှိနေကြောင်း သိရသည်။

“ ဒီရက်ပိုင်း ည ၉ နာရီနောက်ပိုင်းဆို လမ်းပေါ်သွားတဲ့သူ တော်တော်နည်းသွားတယ်။ စျေးဆိုင်တွေလည်း အကုန်ပိတ်ကုန်တယ်။ ၁၉ လမ်းလို လူစည်တဲ့နေရာမှာတောင် ၉ နာရီ ကျော်တာနဲ့ လူတော်တော်ပါးသွားတာတွေ့ရတယ်။ အပြင်မှာက ပေါ်တာဆွဲနေတာဘာညာ သတင်းအမျိုးမျိုးထွက်နေတော့ လူငယ်အချင်းချင်း ညပိုင်းအပြင်မထွက်ကြဖို့ သတိ ပေးနေတာတွေလည်းရှိတယ်။ တကယ်ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ညပိုင်းအကြောင်းမရှိရင် အပြင်မထွက်တာကတော့ အန္တရာယ်ကင်းတာပေါ့လေ။” ဟု ရန်ကုန်မြို့၊ လမ်းမတော် မြို့နယ်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ယခုအခါ ဒေသအချို့တွင် ပြင်းထန်သည့်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကာ မြို့ ပေါ်မှလူငယ်များအား ပေါ်တာဆွဲကာ စစ်မြေပြင်ရှေ့တန်းသို့ ပို့ဆောင်လျက်ရှိကြောင်း ကောလာဟလ သတင်းများ ထွက်ပေါ်လျက်ရှိနေကာ ရက်ပိုင်းအတွင်း လူငယ်များပျောက်ဆုံးမှုရှိလာ၍ လူထုအကြား စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ#မောင်ဇော်

ပုံစာ – ရန်ကုန်မြို့တွင်း တစ်နေရာအား တွေ့ရစဉ်။

#ယနေ့ခေတ်

ရန်ကုန်တွင် ပေါ်တာဆွဲခြင်းမရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.