ရန်ကုန်၊ ဒီဇင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီးတွင် စားအုန်းဆီဈေးကို ထိန်းနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးဆန်းလင်းက ပြောသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် ထိုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ဆီဝယ်ယူခွင့်စာအုပ်နဲ့ ဖြန့်ဖြူးရောင်းချပေးတာ တော်တော်လေးအဆင်ပြေတယ်။ ဆီဝယ်ယူခွင့်စာအုပ်နဲ့ အိမ်ထောင်စုတစ်စုကို တစ်လဘယ်နှစ်ကြိမ်ဆိုပြီး ဝယ်ယူခွင့်ပြုတဲ့အ တွက်ကြောင့် ဆီစာအုပ်ကို လက်ဝယ်ရရှိထားတဲ့သူက အချိန်တန်လို့ရှိရင် သူ့အတွက်ဆီရတယ်။ ဒါကြောင့် ပြင်ပမှာ စားအုန်းဆီကို သိုလှောင်လို့မရတော့ဘူး။ စိုးရိမ်ကြောင့်ကြခြင်းတွေနဲ့ ဝယ်ယူမှုတွေမရှိတော့ဘူး။ စားအုန်းဆီဈေးကို ရန်ကုန်တိုင်းဒေသကြီးမှာတော့ တော်တော်လေးကိုထိန်းသိမ်းပြီးတော့ ဆောင်ရွက်နိုင်နေပါပြီ” ဟု ၎င်းကဆိုသည်။
စားသုံးသူစျေးကွက်အတွင်းရောင်းချရန် စားအုန်းဆီရည်ညွှန်းဈေး တစ်ပိဿာ ၇၂၅၀ ကျပ်ဖြင့် ရောင်းရန်သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်တွင် တစ်ပိဿာ ၈၀၀၀ ကျပ်ဖြင့် ဝယ်ယူနေရကြောင်း သိရသည်။
လက်ရှိတွင် စားအုန်းဆီကို သမဝါယမစနစ်ဖြင့် အိမ်ထောင်စုတစ်ခုလျှင် ဆီဝယ်ယူခွင့်စာအုပ်တစ်အုပ်ကို စားသုံးဆီ ၅၀ ကျပ်သားမှ တစ်ပိဿာအထိ ရောင်းချပေးနေကြောင်း သိရသည်။
#စုစု
ရန်ကုန်တွင် စားအုန်းဆီဈေးထိန်းနိုင်ပြီ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်