ရန်ကုန်၊ နိုဝင်ဘာ ၁၂
ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အများစု၌ စက်သုံးဆီပြတ်လပ်နေဟုဆိုကာ ဝယ်ယူရန်ခက်ခဲမှုများ ဖြစ်ပေါ်နေသော်လည်း ပြည်တွင်း၌ စက်သုံးဆီအလုံအလောက်ရှိကာ 92 အမျိုး အစားဓာတ်ဆီနှင့် ဒီဇယ်ဆီ ဂါလံသန်းလေးဆယ်ကျော်ရှိကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
စက်သုံးဆီများနှင့် ပတ်သတ်၍ ကောလာဟလထွက်ပေါ်နေသောကြောင့်ဆိုကာ နစက ပြောရေးဆိုခွင့်ရှိသူက ရှင်းလင်းပြောကြားရာတွင် စက်သုံးဆီရောင်းချသည့် ခွဲတမ်းများ လျော့နည်းခြင်း၊ အစိုးရမှဒေါ်လာရောင်းချမပေးသည့်အတွက် ဆီဝယ်ယူ၍မရခြင်းတို့မှာ မဟုတ်ကြောင်း၊ ပြည်တွင်း၌ စက်သုံးဆီအလုံအလောက်ရှိကြောင်း၊ အသုံးများသည့် 92 အမျိုးအစားဓာတ်ဆီနှင့် ဒီဇယ်ဆီ ဂါလံသန်းလေးဆယ်ကျော်ရှိကြောင်း ပြောကြားသည်။
“ ပြည်တွင်းမှာ စက်သုံးဆီ အလုံအလောက်ရှိပါတယ်။ အများသုံးနေတဲ့ စက်သုံးဆီဖြစ်တဲ့ 92 ဆိုရင် ပြည်တွင်းလက်ကျန် ဂါလံ ၁၃ သန်းကျော်ရှိပြီးဖြစ်တယ်။ ဒီဇယ်ဆိုရင် ဂါလံ သန်း ၃၀ ကျော်ရှိပြီးဖြစ်တယ်။ ထမ်မံရောက်ရှိလာမဲ့ ဆီတင်သင်္ဘော ၁၅ စင်းရှိပါတယ်။ မည်သည့်စက်သုံးဆီအမျိုးအစားမဆို တစ်လအရံရှိအောင် အမြဲတမ်းဆောင်ရွက်လျက် ရှိတယ်။” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင်စက်သုံဆီ ရောင်းချခွင့် ခွဲတမ်းရရှိထားသူများကို ယခင်အတိုင်း ဆောင်ရွက်ပေးလျက်ရှိကာ ဆီခွဲတမ်းနှင့်ပတ်သတ်၍ စီစစ်မှုသာရှိပြီး လျော့ချခြင်းမရှိကြောင်း ဆက်လက် ပြောသည်။ ထို့ပြင် စက်သုံးဆီတင်သွင်းသူများကိုလည်း ယခင်အတိုင်း ဒေါ်လာရောင်းချပေးလျက် ရှိကြောင်း ၎င်းကပြောကြားသည်။
နိုဝင်ဘာ ၁၀ ရက်၊ ညပိုင်းမှစ၍ ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အချို့၌ လူသုံးများသည့် 92 နှင့် 95 အမျိုးအစား စက်သုံးဆီ ဝယ်ယူ၍မရသည့် အခက်အခဲဖြစ်ပေါ်ခဲ့ပြီးနောက် ယမန်နေ့ နေ့လည်ပိုင်းက ရန်ကုန်တစ်မြို့လုံးရှိ ဆီဆိုင်အားလုံးနီးပါးတွင် စက်သုံဆီ ဝယ်ယူ၍မရသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း ရန်ကုန်မြို့ရှိ ယာဉ်မောင်းများက ပြောသည်။
“ ဆိုင်တော်တော်များများမှာကို ဝယ်မရတော့တာ။ ဝယ်လို့ရတဲ့ တစ်ဆိုင်လောက်ဆိုလည်း နာရီနဲ့ချီပြီး စောင့်ရတယ်။ တချို့ရောင်းတဲ့နေရာတွေက ဆီဆိုင်တွေမှာဆို သုံးနာရီ လောက်စောင့်ရပြီး၊ ကိုယ့်အလှည့်ရောက်မှ ဆီကုန်သွားလို့ မရောင်းတော့ဘူးဆိုတာတွေပါ ကြုံရတယ်။” ဟု ရန်ကုန်မြို့ရှိ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
သီလဝါရှိ ဆီသိုလှောင်ရုံများမှ ခွဲတမ်းလုံလောက်အောင် ချမပေးသည့်အတွက် စက်သုံဆီအား လုံလောက်စွာ ရောင်းချမပေးနိုင်ခြင်းဟု စက်သုံးဆီဆိုင်များက ပြောကြားကြောင်း ပြည်ပအခြေစိုက် သတင်းဌာနအချို့တွင် သတင်းဖော်ပြထားသည်ကို တွေ့ရသည်။
ယခင်လများက အမျိုးအစားအလိုက် စက်သုံးဆီတစ်လီတာလျှင် ၂၄၀၀ ကျပ်မှ ၂၅၀၀ ကျပ်အထိ ရောက်ရှိခဲ့ရာမှ ပြီးခဲ့သည့်လတွင် စက်သုံးဆီစျေးများ ကျဆင်းခဲ့ကာ တစ်လီတာ လျှင် ၂၀၀၀ ကျပ်ဝန်းကျင်သို့ ရောက်ရှိချိန် ယခုကဲ့သို့ စက်သုံးဆီဆိုင်များ၌ ဆီရောင်းချမှုမရှိသည့် အခြေအနေဖြစ်ပေါ်ခဲ့ပြီး လူထုအကြား အခက်အခဲများဖြင့် ရင်ဆိုင်ခဲ့ရသည်။
ပြီးခဲ့သည့်လက ထိုသို့ စက်သုံးဆီဝယ်ယူ၍မရသည့် ဖြစ်စဉ်အပေါ် စျေးနှုန်းများကျဆင်း၍ လုပ်ငန်းရှင်များကမရောင်းပဲ သိမ်းဆည်းထားခြင်းဟု လူထုအကြား ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့ကာ ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
စက်သုံဆီကြီးကြပ်ရေးကော်မတီ၏ ယနေ့ရည်ညွှန်းစျေးနှုန်းတွင် ရန်ကုန်မြို့၌ 92 တစ်လီတာလျှင် ၂၁၃၀ ကျပ်၊ 95 တစ်လီတာလျှင် ၂၂၅၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၁၄၅ ကျပ်တို့ ရှိကြောင်း သိရသည်။
သတင်း၊ ဓာတ်ပုံ – #မောင်ဇော်
ရန်ကုန်တွင် စက်သုံးဆီ ဝယ်ယူရ ခက်ခဲနေသော်လည်း 92 နှင့် ဒီဇယ် ဂါလံသန်းလေးဆယ်ကျော်ရှိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်