ရန်ကုန်၊ အောက်တိုဘာ ၂၅
ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၌ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ချောင်းထဲသို့ပြုတ်ကျပြီး သေဆုံးသွားကြောင်း ရွှေရုပ်လွှာ ပရဟိတအသင်းမှ သိရသည်။
အောက်တိုဘာလ ၂၄ ရက်၊ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကင်းမြို့နယ်၌ မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် ခုနှစ်ပင်လိမ်ချောင်းထဲသို့ ပြုတ်ကျပြီး သေဆုံးသွားခြင်းဖြစ် ကြောင်း သိရသည်။
“မနေ့ညနေက မိုးတအားရွာနေတော့ အဲ့ဒီချောင်းရေက ၁၅ ပေလောက်ရှိတယ်။ ပုံမှန်အချိန်ဆိုရင် လူတရပ်မြုပ်တဲ့ အခြေအနေရှိတယ်။ ကလေးမလေးက ချောင်းစပ်ကနေ ခြေ ချော်ပြီး ချောင်းထဲပြုတ်ကျသွားတယ်လို သူ့အဖေကပြောတယ်။ ကျွန်တော်တို့သိတဲ့အချိန်နဲ့ ဖြစ်စဉ်ဖြစ်ပွားတဲ့အချိန်က ၄၅ မိနစ်လောက် ကွာတယ်။ ကလေးမလေးကိုတော့ သူပြုတ်ကျသွားတဲ့ အနီးတစ်ဝိုက်မှာပဲ ပြန်တွေ့ပါတယ်။” ဟု ရွှေရုပ်လွှာ ပရဟိတအသင်းမှ ကိုရွှေမိုးအောင်က ယနေ့ခေတ်သို့ ပြောသည်။
အခင်းဖြစ်ပွားသည့်နေရာမှာ ရန်ကင်းမြို့နယ်အတွင်းရှိ Golden City ကွန်ဒိုအနီးရှိ ခုနှစ်ပင်လိမ်ချောင်းဖြစ်ပြီး ပြုတ်ကျသွားသည့် ကလေးမလေးကို ပရဟိတအသင်းသားများက ပိတ်ဆို့ရှာဖွေရာ ရေစီးဖြင့်မျောပါမသွားပဲ ထိုနေရာအနီးတစ်ဝိုက်တွင် ရှာဖွေတွေ့ရှိခဲ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်သူရိန်
ဓာတ်ပုံ – ရွှေရုပ်လွှာပရဟိတအသင်း
ရန်ကင်းတွင် မိန်းကလေးငယ်တစ်ဦး ချောင်းထဲပြုတ်ကျ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်