ရန်ကုန်၊ ဩဂုတ် ၁၃
ရခိုင်ပြည်နယ်၌ ရေဘေးကြောင့် လယ်ယာမြေဧက သောင်းချီ၍ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရခိုင်ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုများကြောင့် ရခိုင်ပြည်နယ်တစ်ဝှမ်းရှိ မြို့နယ်များ၌ စိုက်ပျိုးထားသည့် လယ်ယာမြေများ ဧကသောင်းချီ၍ ပျက်စီးဆုံးရှုံးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ဩဂုတ်လ ၁ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် မြစ်ရေ၊ ချောင်းရေများ မြင့်တက်ခြင်းများကြောင့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့အပါအဝင် ရခိုင် ပြည်နယ်အတွင်းရှိ မြို့နယ်အများစု၌ စိုက်ပျိုးထားသည့် လယ်ယာမြေဧက အများအပြား ရေလွှမ်းမိုးမှုဒဏ်ကိုခံခဲ့ကြောင်း သိရသည်။
ရေကြီးရေလျှံမှုဒဏ်ကို အဆိုးရွားဆုံးခံခဲ့ရသည့် ဒေသများမှာ လေးမြို့မြစ်ကမ်းဘေးတစ်လျှောက်ရှိ မြောက်ဦးနှင့် မင်းပြားမြို့များမှ ကျေးရွာအများစုနှင့် ကုလားတန်မြစ်ကမ်းတ လျှောက်ရှိ ကျောက်တော်မြို့မှ ကျေးရွာအများစုတွင် စိုက်ပျိုးထားသည့်လယ်များအတွင်း ရေများဝင်ရောက်ကာ လယ်ဧကသောင်းချီ ပျက်စီးဆုံးရှုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ လေးမြို့မြစ်ရေ မြင့်တက်တာကြောင့် မြောက်ဦးနဲ့ မင်းပြားက ရေဝင်ခဲ့တဲ့ရွာပေါင်း ငါးဆယ်ကျော်လောက်က လယ်မြေတွေဆို အကုန်ပျက်စီးကုန်တာ။ အဲ့လိုပဲ ကုလားတန်မြစ် ကြောင့် ရေဝင်ခဲ့တဲ့ ရွာပေါင်းလေးဆယ်ကျော်လောက်မှာ ရွာနှစ်ဆယ်ထက်မနည်းတဲ့ လယ်မြေတွေလည်း ပျက်စီးခဲ့တယ်လို့ သိထားရတယ်။ ဒါတောင် စာရင်းအတိအကျမသိရ သေးတဲ့ မြောက်ပိုင်းကရွာတွေ မပါသေးဘူး။ ဒီနှစ်လည်း ရခိုင်ပြည်ရဲ့ စပါးအထွက်နှုန်းက မနှစ်ကထက်သာဖို့မရှိဘူး” ဟု ကျောက်တော်မြို့တွင်နေထိုင်သည့် ရေဘေးသင့်ပြည်သူ များကို ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။
ယခုနှစ်တွင် ရခိုင်ပြည်နယ်၌ လယ်ယာမြေဧကပေါင်း ဆယ့်နှစ်သိန်းကျော် စိုက်ပျိုးထားခဲ့ပြီး ရေဝင်နစ်မြှုပ်ခဲ့သည့် လယ်ယာမြေများ၌ ပြန်လည်ထွန်ယက်စိုက်ပျိုးရန် မျိုးစပါးမရှိ သဖြင့် ဒေသခံများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ရခိုင်ပြည်နယ်၌ လယ်ယာမြေဧကပေါင်း ကိုးသိန်းကျော် စိုက်ပျိုးခဲ့သော်လည်း ယခင်နှစ်များထက် စပါးအထွက်နှုန်း ငါးဆယ်ရာခိုင်နှုန်းခန့် လျော့ကျခဲ့ပြီး ယခုနှစ်တွင်လည်း ‘မိုခါ’ မုန်တိုင်းဝင်ရောက်ခဲ့မှုအပါအဝင် ရေကြီးရေလျှံမှုများကြောင့် စပါးအထွက်နှုန်း ထပ်မံလျော့ကျနိုင်ကြောင်း လယ်ယာစိုက်ပျိုးရေးကဏ္ဍအား လေ့လာစောင့် ကြည့်သူများက သုံးသပ်ထားသည်။
လင်းခေါင်
Photo: CJ
ရခိုင်၌ ရေဘေးကြောင့် လယ်ယာမြေဧက သောင်းချီ ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်