ရန်ကုန်၊ ဇန်နဝါရီလ ၁၉
ရခိုင်ပြည်နယ်အတွင်း မြို့နယ်အချို့၌ ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်မှစတင်ကာ မြို့နယ်အချို့၌ ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ရေလမ်းနှင့် ကုန်လမ်းများလည်း ပိတ်ထားကြောင်း သိရသည်။
“ ရေလမ်း၊ ကုန်လမ်းပိတ်ထားတာကတော့ နှစ်လလောက်ရှိနေပြီ။ တော်တော်အခက်အခဲဖြစ်တာပေါ့။ အခုက Mytel ဖုန်းတချို့ပဲလိုင်းရတယ်။ စစ်တွေရော၊ မြောက်ဦးဘက်ရော ဖုန်းခေါ်လို့မရဘူး။ ဒီဘက်မှာက MPT သုံးတာများတယ်။ အင်တာနက်ပါ ပြတ်နေတယ်။” ဟု သံတွဲမှဒေသခံတစ်ဦးက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ မြောက်ဦး၊ မင်းပြားနှင့် မောင်တောတို့၌ Mytel ဖုန်းလိုင်းမှလွဲ၍ ကျန်အော်ပရေတာများမှာ ဖြတ်တောက်ခံထားရပြီး ယနေ့ ဇန်နဝါရီ ၁၉ ရက်၊ နံနက် ၁၁ နာရီထိ ဖုန်းလိုင်းများခေါ်ဆို၍မရကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ မြောက်ပိုင်းဒေသများ၌ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ဒေသခံများထွက်ပြေးတိမ်းရှောင်နေရသလို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများ၊ လေ ကြောင်းတိုက်ခိုက်မှုများလည်းရှိနေကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။
ဓာတ်ပုံ-စီဂျေ
ရခိုင်၌ ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်