ရခိုင်၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား၊ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်အတွင်းရှိ ရသေ့တောင်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့၌ ယနေ့ နံနက်တွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကာ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောက်လျက်ရှိကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီသူများက ပြောသည်။

ယနေ့နံနက် ၅ နာရီဝန်းကျင်က ရသေ့တောင်မြို့နယ်၊ အငူမော်နှင့် မောင်တော ကားလမ်းပေါ်ရှိ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်ရဲကင်းနှစ်ခုအား ရခိုင့်တပ်မတော် AA မှ စတင် တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပေါ်ခြင်းဟု သိရသည်။

တိုက်ပွဲအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများပါ ပါဝင်ကာ ယနေ့နံနက် ၁၁ နာရီအချိန်အထိ တိုက်ပွဲဖြစ်ပွားရာ အနီးအနားမှ ဒေသခံရာချီ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်လျက်ရှိနေကြောင်း ဒေသတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။

“ တိုက်ပွဲအနားကရွာတွေက လူတွေက ဒီမနက်ပိုင်းပဲ တောပိုင်းတွေကို ထွက်ပြေးကြတာရှိတယ်။ တိုက်ပွဲသိပ်မပြင်းထန်သေးတော့ စစ်ရှောင်တဲ့သူတွေတော့ သိပ်မများသေးဘူး။ အခုလမ်းတွေလည်း ပိတ်လိုက်တယ်။ လက်နက်ကြီးနဲ့ ပစ်တာတွေလည်း အဆက်မပြတ်ပဲ။” ဟု စစ်ရှောင်ကူညီသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ထို့ပြင် ယနေ့နံနက်ပိုင်း၌ မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့၌ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပေါ်လျက်ရှိနေကာ ဒေသခံအချို့လည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိနေ ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ယနေ့ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စစ်တွေမြို့အပါအဝင် မြို့နယ်အများအပြားသို့ ဆက်သွယ်ထားသည့် ကားလမ်းများနှင့် ရေကြောင်းလမ်းများကို ပိတ်လိုက်ကြောင်း ဒေသခံများက ပြောကြားသည်။

ယမန်နှစ် နိုဝင်ဘာလအတွင်းက လူသားချင်းစာနာထောက်ထားမှုအရဆိုကာ နစကနှင့် ရခိုင့်တပ်တော် AA အဖွဲ့တို့အကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရရှိခဲ့ပြီး ထိုစဉ်မှစ၍ တိုက်ပွဲများဖြစ်ပွားခြင်းမရှိခဲ့ရာမှ ယနေ့နံနက်တွင် တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။

လာမည့်ရက်ပိုင်းအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကာ စစ်ဘေးတိမ်းရှောင်ရမည်ကို စိုးရိမ်လျက်ရှိနေကြောင်း ဒေသခံများက ပြောကြားသည်။

တိုက်ပွဲအခြေအနေနှင့် ပတ်သတ်၍ နှစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းများက ယနေ့ နေ့လည်အထိ သတင်းထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

ပုံစာ- ရခိုင်ပြည်နယ်အတွင်းရှိ ရဲကင်းစခန်းတစ်ခုအား တွေ့ရစဉ်

#ယနေ့ခေတ်

ရခိုင်၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား၊ ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.