ရခိုင်ရှိ ဒေသအများအပြား၌ ရေလမ်း၊ ကုန်လမ်းအားလုံးကို ယနေ့မှစ၍ သွားလာခွင့်ပိတ်ဆို့

ရခိုင်၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည်နယ်ရှိ ဒေသအများအပြား၌ ရေလမ်း၊ ကုန်လမ်းသွားလာမှုများအား ယနေ့ နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ သွားလာခွင့် ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နိုဝင်ဘာ ၁၃ ရက်၊ နံနက်ပိုင်းတွင် မင်းပြားနှင့် ရသေ့တောင်တို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့မှ လမ်းကြောင်းပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“ စစ်တွေကနေ ဘယ်ကိုမှသွားမရတော့ဘူး။ ပိတ်လိုက်ပြီ။ ရေယာဥ်ရော၊ ကုန်းလမ်းရော ပိတ်ထားတယ်။ အမ်းဘက်မှာဆို ကုန်ကားတွေ ပိတ်မိတယ်ပြောကြတယ်။ ရေယာဥ် ကလည်း စစ်တွေအဝင်အထွက်အားလုံးကို နစက,ကပိတ်ခိုင်းတာလေ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရေယာဥ်ခရီးပြေးဆွဲလျက်ရှိသည့် စစ်တွေမြို့မှ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော်၊ တောင်ကုတ်၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး ခရီးစဉ်များကို ယနေ့ နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ ယာယီရပ်နားထားမည်ဖြစ်ကြောင်း ရွှေပြည်တန် ရေယာဥ်လိုင်းမှ အသိပေးကြေညာထားသည်။

“ အစိုးရက ပိတ်ဖို့ပြောလို့ ယာယီပိတ်ထားပါတယ်။ လက်မှတ်ဝယ်ထားသူတွေကိုလည်း ငွေပြန်အမ်းပေးပါမယ်။ ပြန်ပြေးဆွဲရင် ကြေညာပေးပါမယ်။” ဟု ရေယာဥ်လိုင်းမှ တာဝန် ရှိသူက ပြောသည်။

ထို့သို့ပိတ်ထားခြင်းမှာ ရေလမ်းတစ်ခုတည်းမဟုတ်ဘဲ ကုန်လမ်းများဖြစ်သည့် စစ်တွေမြို့ အဝင်အထွက် တပ်ထိန်းဂိတ်ကို ပိတ်ထားပြီး၊ စစ်တွေမြို့နှင့် နယ်မြို့များအကြား ဆက်သွယ်ထားသည့် စစ်တွေ-ရန်ကုန်ကားလမ်းတလျှောက်ရှိ စစ်ဆေးရေးဂိတ်များအား ပိတ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

“ တိုက်ပွဲက ဖြစ်သွားတယ် မနက်က။ လမ်းပိတ်တာတွေ ထုံးစံအတိုင်းပေါ့။ အဝင်အထွက် အကုန်ပိတ်။ ဘယ်မှသွားမရတော့ဘူး။ စစ်တွေမှာ မွမ်းမံလာတက်တဲ့ဆရာမတွေ ပြန် မရလို့ သောင်တင်နေပြီ။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ် သို့ ပြောသည်။

ယနေ့ နိုဝင်ဘာ ၁၃ ရက်၊ နံနက် ၅ နာရီဝန်းကျင်ခန့်က ရသေ့တောင်မြို့နယ် ချိန်ခါလီနှင့် ဒုံးပိုက်ကျေးရွာအနီး၌ နစကနှင့် ရက္ခိုင့်တပ်တော်(AA)တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နစက ၏ နယ်ခြားစောင့်တပ်စခန်းနှစ်ခုအား သိမ်းပိုက်လိုက်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

အလားတူ ထိုအချိန်ပတ်ဝန်းကျင်၌ပင် မင်းပြားတိုင်းဗဟို (၉) မှထွက်လာသည့် နစကယာဉ်နှစ်စီးအား မင်းပြားမြို့နယ်၊ ချင်းဖားပြိုကျေးရွာဖက်၌ AA မှ ကြားဖြတ်တိုက်ခိုက်ခဲ့ ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရ သိရသည်။

ထိုဖြစ်စဥ်များဖြစ်ပွားပြီးနောက် ကုန်လမ်းနှင့် ရေလမ်းများအား ပိတ်ဆို့လိုက် ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

#ဂျုဂျူး

ဓာတ်ပုံ – နိရဉ္စရာ

#ယနေ့ခေတ်

ရခိုင်ရှိ ဒေသအများအပြား၌ ရေလမ်း၊ ကုန်လမ်းအားလုံးကို ယနေ့မှစ၍ သွားလာခွင့်ပိတ်ဆို့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.