ရန်ကုန်၊ အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်ရှိ ဒေသအချို့၌ တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများအတွက် အကူအညီများပေးရန် ခက်ခဲနေကြောင်း လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုအဖွဲ့အစည်း UNOCHA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ နယ်၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့၍ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံအများအပြား နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
“ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတွင်း ပဋိပက္ခတွေတိုးမြင့်လာတာကြောင့် သက်ဆိုင်သူများအားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို လေးစားလိုက်နာ ဖို့နဲ့ အရပ်သားပြည်သူတွေကို ကာကွယ်စောင့်ရှောက်ဖို့ အစွမ်းကုန်လုပ်ဆောင်ရမယ်။ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်အကူအညီများနဲ့ မဖြစ်မနေလိုအပ်တဲ့ ဝန်ဆောင် မှုတွေပေးနိုင်ဖို့အတွက် လမ်းကြောင်းအားလုံးကနေ အတားအဆီးမရှိ ဝင်ရောက်သွားလာခွင့်ပေးဖို့ တောင်းဆိုပါတယ်။” ဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ပလက်ဝ၊ မြောက်ဦးနှင့် အမ်းမြို့ နယ်များ၌ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုများကြောင့် ဒေသခံ ၁၁ ဦးသေဆုံးခဲ့ပြီး ၃၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ရခိုင်ပြည်နယ်ရှိ ဒေသများသို့ ဆက်သွယ်ထားသည့် ကုန်းလမ်းနှင့် ရေလမ်းနှစ်ခုကို ပိတ်ထားလိုက်သဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးတို့အပါအဝင် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် အခြားကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရန် ခက်ခဲသွားကြောင်း သိရသည်။
လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ပြည်တွင်းအဖွဲ့အစည်းများနှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ထောက်ပံ့ရေးပစ္စည်းများကို တိုက်ပွဲများမဖြစ်မီ ကာလကပင် ကြို တင်စုဆောင်း နေရာချထားပြီးဖြစ်သော်လည်း လုံလောက်သည့် ရန်ပုံငွေမရှိခြင်း၊ သိုလှောင်ရန်နေရာနည်းပါးခြင်း၊ သယ်ယူပို့ဆောင်ရေး ခက်ခဲခြင်းတို့ကြောင့် နေရပ်စွန့်ရသူများကို ကူညီပေးရန်ခက်ခဲနေကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
ရခိုင်ပြည်နယ်၌ တိုက်ပွဲများဖြစ်ပွားပြီးနောက် နေရပ်စွန့်ခွာသူများအတွက် ကူညီပေးရန် ခက်ခဲနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်