ရန်ကုန်၊ ဒီဇင်ဘာ ၁၂
ရခိုင်ပြည်နယ် နေချို့ရာတွင် တိုက်ပွဲများဖြစ်ပေါ်နေပြီး နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဒေသခံများ အခက်အခဲရှိနေကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလဆန်းပိုင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမ်းမြို့နှင့် ဂွမြို့တို့တွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ဒေသခံများ စစ်ဘေးလွတ်ရာသို့ ထွက် ပြေးတိမ်းရှောင်နေပြီး နေရပ်မပြန်သေး၍ အခက်အခဲများရှိနေကြောင်း သိရသည်။
“ပြန်ချင်တာပေါ့ အခုပြန်လို့ရရင် ပြန်ချင်တာပေါ့။ ကိုယ်နေရာ၊ ကိုယ့်ရွာမှာက ဘာပဲလုပ်စားလုပ်စား အဆင်ပြေသေးတယ်။ ဒီမှာနေရတာက ကုန်စျေးနှုန်းတွေက အဆမတန်စျေး ကြီးတယ်။ ဘာအလုပ်အကိုင်မှလည်းမရှိတော့ ပိုဆိုးတာပေါ့။ အလုပ်မျိုးစုံကို ကြိုးစားလုပ်တော့လည်း အဆင်မပြေ။ တချို့ဆို စစ်ဘေးရှောင်မို့လို့ လက်မခံချင်တာရှိသေးတယ်။ စစ်ဖြစ်လို့ စစ်ရှောင်လာရတာကို ဒုက္ခတွေကလည်းရောက်တာပေါ့။ ကလေးတွေဆို ကျောင်းတပိုင်းတစနဲ။ ကိုယ်နေရာ ကိုယ့်ဒေသမှာနေရတာလောက် ဘယ်အဆင်ပြေမလဲနော်။ အခုက ပြန်လို့ကိုမရတဲ့ အခြေအနေတွေနေရတာ မနေချင်ပါဘူး။ ၁၁/ ဆို ဘယ်မှသွားမရတာတွေလည်း ရှိသေးတယ်။” ဟု ရခိုင်မှ ကလေးသုံးယောက်မိခင် စစ်ဘေးရှောင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရခိုင်ပြည်နယ်သို့ ဖြတ်သန်းဝင်ရောက်ရာ မြို့တစ်မြို့ဖြစ်သည့် ဂွမြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ရခိုင်ပြည်နယ်အတွင်းသို့ အဝင်အထွက်မှာလည်း ခက်ခဲနေကြောင်း သိရသည်။
“လတ်တလော နေရာအသီးသီးမှာ တိုက်ပွဲကပြင်းထန်နေတာဆိုတော့ ဘယ်သူမှပြန်လာလို့တော့ မရသေးဘူး။ ဂွမြို့ကနေ ရခိုင်ဒေသအသီးသီးကို ဖြတ်သွားနေရတဲ့မြို့ဖြစ်နေတာ။ အခုဂွမြို့မှာလည်း တိုက်ပွဲကဖြစ်နေတော့ စစ်ဘေးရှောင်တွေ ပြန်လာလို့ကို မရသေးပါဘူး။” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ယမန်နေ့ည(ဒီဇင်ဘာ ၁၁ ရက်)ကလည်း ရခိုင်ပြည်နယ်၊ ဂွမြို့နှင့်လေးမိုင်အကွာတွင် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံအချို့ ထပ်မံစစ်ဘေးရှောင်နေရကြောင်း သိရသည်။
“ဂွမြို့မှာ ညကနှစ်ဖက်တိုက်ပွဲတွေဖြစ်တယ်။ ရဟိုင်းကူးတို့တဖက်ကမ်း တင်းတောကျေးရွာဘက်ကို ပစ်သံတွေကြားရတယ်။ လက်နက်ကြီး၊ လက်နက်ငယ်၊ သံချပ်ကာကားသံတွေနဲ့ ပစ်သံတွေကြားနေရတယ်။ ဂွမြို့က ၁၀၀ ရာခိုင်နှုန်းမှာ ၈၀ ရာခိုင်နှုန်းလောက်က စစ်ရှောင်နေရတယ်။” ဟု စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဒီဇင်ဘာ ၈ ရက်နေ့က ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် AA တပ်ဖွဲ့က နယ်ခြားစောင့်တပ်၊ အမှတ် ၅(နခခ-၅)ကို သိမ်းပိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရပြီး၊ မောင်တောဒေသခံများလည်း နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
ဩဂုတ် ၁၂ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ ကျိန္တလီမြို့တွင် လေကြောင်းနှင့် ရေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံသောင်းချီကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့မှစ၍ နစကတပ်နှင့် AA တပ်တို့ တိုက်ပွဲဖြစ်ပေါ်မှုကြောင့် ဒေသအတွင်း အရပ်သားသေဆုံးမှုများရှိခဲ့ပြီး၊ စစ်ဘေးရှောင်သိန်းချီကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
#ချစ်ချစ်ခိုင်
ဓာတ်ပုံ- CJ (ပုံဟောင်း)
#ယနေ့ခေတ်
ရခိုင်ပြည်နယ်အတွင်း နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များ အခက်အခဲများရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်