ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံတစ်သန်းကျော် ဆေးကုသရန် အခက်အခဲများရှိနေ ဟုဆို

ရန်ကုန်၊ မေ ၃၀

ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် လူဦးရေ ၁ ဒသမ ၆ သန်းခန့် ဆေးရုံနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အခက်အခဲများရှိနေကြောင်း UN OCHA Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် နိုဝင်ဘာလမှစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပေါ်နေပြီး ဆေးရုံများ၊ အဆောက်အဦးများပေါ်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်မှုများကြောင့် ဒေသခံတစ်သန်းကျော် ဆေးကုသခံယူမှုများ အခက်အခဲရှိနေကြောင်း ဒေသခံစစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

“ဒီဘက်မှာတော့ UNA ထိန်းချုပ်ထားတဲ့နေရာတွေမှာတော့ ဆေးဝါးလုံလောက်မှုမရှိပေမဲ့ ဆေးရုံ၊ ဆေးခန်းတွေကိုတော့ အတတ်နိုင်ဆုံးဖွင့်ပေးထားတယ်။ ဆေးရုံဆေးခန်းဖွင့်ထားတဲ့နေရာတွေကို၊ လက်လှမ်းမှီတဲ့နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တာတွေရှိတယ်။ ဒီရက်ပိုင်းမှာပဲ ကျောက်တော်ကြီးဘက်က ဝဲကြီးထောင့်ဆေးရုံကို လက်နက်ကြီးကျည်ကျလို့ လူအချို့ထိခိုက်ဒဏ်ရာရတာတွေတောင်ရှိတယ်။ ဒီရက်ပိုင်းမှာပဲ မြောက်ဦးမှာလေ၊ ခရိုင်တရားရုံးကို ဂျစ်ဖိုက်တာနဲ့ပစ်လို့ အဆောက်အဦးတော်တော်များများ ပျက်စီးသွားတွေလည်းရှိတယ်။” ဟု ဒေခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် နှစ်ဖက်တိုက်များကြောင့် အလုပ်အကိုင်များခက်ခဲနေပြီး၊ ဆေးဖိုးဝါးခများမတတ်နိုင်၍ ဆေးခန်းများမပြနိုင်သည့် ဒေသခံအချို့ ရှိနေကြောင်း သိရသည်။

“ ကျန်းမာရေးအတွက်ဆိုရင်တော့ ဆေးရုံကြီးတွေက မရှိတော့ဘူး။ ကျွန်တော်တို့ရွာက ဆေးဝါးနာလည်တဲ့သူတွေဆီကိုပဲ သွားပြရတယ်ပေါ့။ ဆေးတွေကလည်း စျေးကြီးလွန်းလို့ တစ်ချို့ဆို ဆေးခန်းမသွားပဲနေတယ်တဲ့။ သူတွေလည်းရှိတယ်။ အလုပ်အကိုင်တွေက အဆင်မပြေကြတော့လေ။ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေလည်း အလုပ်တွေကအ ဆင်မပြေဘူးပေါ့။ ဆေးခန်းပြရတာတွေလည်း ကုန်ကျစရိတ်တွေက သိပ်များတာကို။ စစ်ဘေးရှောင်ထဲ ဒဏ်ရာရတဲ့သူတွေကိုတော့ နီးစပ်ရာဆေးခန်းတွေကို ပြကြရတာပေါ့။ ကျွန်တော်ဆိုလည်း ငွေကြေးက အရင်လိုမဟုတ်တော့ဘူး။ ရတဲ့အလုပ်ကို တစ်နေ့တစ်နေ့လုပ်နေရပြီလေ။” ဟု ဒေသခံစစ်ဘေးရှောင်တစ်ဦးက ယနေခေတ်သို့ ပြောသည်။

ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေခြင်းမှာ ခုနှစ်လကျော်ကြာခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် အပူဆုံးကာလဖြစ်သည့်အတွက် သောက်သုံးရေရှားပါးခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပေါ်နေပြီး၊ ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသတွင် ဆေးရုံနှင့် ကျန်းမာရေးစောင့်ရှောက်ခွင့်များ မရရှိသည့်အတွက် အခက်အခဲများကြုံတွေ့‌နေရကြောင်း UN OCHA Myanmar ၏ထုတ်ပြန်ချက်အရ သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-စစ်ဖီးဒုက္ခသည် ကူညီရေး ကွန်ရက် (ပုံဟောင်း)

ယနေ့ခတ်

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဒေသခံတစ်သန်းကျော် ဆေးကုသရန် အခက်အခဲများရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.