ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးတိမ်းရှောင်ရသူ သုံးသိန်းကျော်အထိ ရှိလာကြောင်း ULA/ AA အဖွဲ့၏ လူသားချင်းစာနာထောက်ထားခြင်းနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး HDCO ၏ ထုတ်ပြန်ချက်စာရင်းများအရ သိရသည်။
ယမန်နှစ်၊ နိုဝင်ဘာ ၁၃ ရက်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် နစကနှင့် AA လက်နက်ကိုင်အဖွဲ့အကြား တကျော့ပြန်တိုက်ပွဲများကြောင့် ယခုလအထိ သုံးလအတွင်း ဒေသခံ ၂၆၈,၇၃၁ ဦး စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။
အဆိုပါ တကျော့ပြန်တိုက်ပွဲများမဖြစ်မီ ယခင်တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်ရသူ ၆၂,၃၃၂ ဦးရှိ၍ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ စစ်ဘေးတိမ်းရှောင်ရသူ ၃၃၁,၀၆၇ ဦးရှိကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။
“ ပေါက်တောတို့၊ မင်းပြားတို့ဆို တစ်မြို့လုံးနီးပါး စစ်ရှောင်နေရတယ်။ မြောက်ဦး၊ မြေပုံ၊ ကျောက်တော်နဲ့ စစ်တွေတို့ဘက်က ရွာတွေမှာ နေထိုင်ကြသူတွေလည်း စစ်ရှောင်နေရ တယ်။ တိုက်ပွဲတွေက နေရာအနှံ့ပိုပြင်းနေတော့ စစ်ရှောင်တဲ့သူတွေ ပိုများလာတယ်။” ဟု ဒေသတွင်းစစ်ရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောကြားသည်။

သုံးလအတွင်း တိုက်ပွဲကြောင့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ပလက်ဝ၊ ကျောက်ဖြူ၊ စစ်တွေ စသည့်မြို့နယ် ၁၄ မြို့နယ်မှ ဒေသခံသိန်းချီ၍ စစ်ရှောင်နေရခြင်းဖြစ်သည်။
စစ်ရှောင်ရသည့် ဒေသများအနက် ပေါက်တောမြို့နယ်၌ ဒေသခံတစ်သိန်းကျော်နှင့် မြောက်ဦးမြို့နယ်၌ ဒေသခံလေးသောင်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် တိုက်ပွဲကြောင့် သုံးလအတွင်း ဒေသခံ ၁၁၁ ဦးသေဆုံးပြီး၊ ၃၅၇ ဦးဒဏ်ရာရရှိခဲ့ကာ၊ ၂၉၂ ဦးဖမ်းဆီးခံထားရကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း နစကတပ်များနှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံသိန်းချီ၍ စစ်ရှောင်နေရသည့်အပြင် လူနေအိမ်များ၊ စျေးဆိုင်များ၊ ဆေးရုံများနှင့် ဘာသာရေးအဆောက်အဦများအပါအဝင် အဆောက်အအုံထောင်ချီ၍ ပျက်စီးဆုံးရှုံးလျက်ရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – စီဂျေ
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ရသူ သုံးသိန်းကျော်အထိရှိလာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်