ရခိုင်ပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် တစ်လအတွင်း ဒေသခံ ၁၉ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၂၄

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်မှ ၃၁ ရက်အထိ တစ်လအတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု ကြောင့် ဒေသခံ ၁၉ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် ဒေသခံပရဟိတအဖွဲ့များထံမှ သိရသည်။

“ဘယ်အဖွဲ့တွေက ထောင်ထားတာလည်းတော့မသိဘူး။ မိုင်းထိလို့ တစ်လအတွင်းမှာ ဒေသခံ ၁၉ ယောက် သေဆုံးခဲ့ရတယ်။ ဒါကကူညီပြီး ကိုယ်လက်လှမ်းမီသလောက်ပြုစုထားတဲ့ စာရင်းတွေအရပြောတာ။ တကယ့်မြေပြင်မှာ အခုထက်များချင်များမှာပေါ့။ လယ်ယာလုပ်ငန်းလုပ်ဖို့သွားတဲ့အချိန်၊ ထင်းခွေဖို့သွားတဲ့အချိန်တွေမှာ ထိမှန်သေဆုံးတာများတယ်။” ဟု ဒေသခံပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

မိုင်းထိမှန်သဖြင့် သေဆုံးများထဲတွင် အမျိုးသား ၁၅ ဦး၊ အမျိုးသမီးက ၅ ဦးဖြစ်ပြီး အောက်တိုဘာလ ပထမပတ် တွင် ၉ ဦး ၊ ဒုတိယပတ်တွင် ၆ ဦး၊ တတိယပတ်တွင် ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသခံပရဟိအဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။

ထို့အပြင် မိုင်းစထိမှန်သဖြင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၃ ဦးအထိရှိခဲ့ပြီး မည်သည့်အဖွဲ့ကထောင်ထားသည့်မိုင်းများ ပေါက်ကွဲသည်ကိုမသိရဘဲ ဒေသခံများသည် တောင်ယာလုပ်ငန်း၊ လယ်ယာလုပ်ငန်းများနှင့် ထင်းခွေလုပ်ငန်းများလုပ်ရန် မိမိတို့ပိုင်ဆိုင်ထားသည့်နေရာများကိုပင် မသွားရဲဖြစ်နေကြောင်း သိရသည်။

#ခန့်ခန့်

Photo – CJ

#ယနေ့ခေတ်

ရခိုင်ပြည်နယ်တွင် မြေမြှုပ်မိုင်းကြောင့် တစ်လအတွင်း ဒေသခံ ၁၉ ဦးသေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.