ရခိုင်ပြည်နယ်တွင်း တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ဖမ်းဆီးခံရသူများကို ICRC မှ အကူအညီပေးမည်

ရန်ကုန်၊ နိုဝင်ဘာ ၂၁

ရခိုင်ပြည်နယ်အတွင်း တစ်ကျော့ပြန်ဖြစ်လာသော တိုက်ပွဲများကြောင့် ဖမ်းဆီးခံရသူများကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) မှ အကူအညီပေးမည်ဖြစ်ကြောင်း သိရ သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်က ရခိုင်ပြည်နယ်၊ ပေါက်တောနှင့် မောင်တောမြို့များတွင် တိုက်ပွဲများစတင်ဖြစ်ပွားပြီး ဒေသခံအများအပြား ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“တိုက်ပွဲတွေပြန်ဖြစ်ပြီး ဖမ်းဆီးခံရသူတွေရှိတယ်။ ပျောက်သွားပြီး ဆက်သွယ်လို့မရတာတွေရှိတယ်။ ဒါဆိုရင် ကျွန်တော်တို့ကို လာဆက်သွယ်ပါ။ သူတို့တွေ ဘယ်ရောက်နေလဲ။ သူတို့ကို ဘယ်လက်နက်ကိုင်အဖွဲ့အစည်းတွေက ဖမ်းသွားတာလဲ။ ကျွန်တော်တို့အဖွဲ့အစည်းက အကြီးအကဲတွေကိုယ်တိုင်သွားညှိနှိုင်းပြီး သူတို့လွတ်မြောက်အောင် ကူညီပေးမယ်။ ဖမ်းခံရပြီး ထောင်ကျနေရင် မိသားစုဝင်တွေနဲ့ ထောင်ဝင်စာတွေ့လို့ရအောင် ကူညီပေးမယ်။ လမ်းစရိတ်လို ရင်ပေးမယ်။” ဟု ICRC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များအနေဖြင့် ဖမ်းဆီးခံရသူများအတွက် ညှင်းပမ်းနှိပ်စက်သတ်ဖြတ်မှုများမှ တစ်စုံတစ်ရာသက်သာနိုင်ရန်၊ ကာကွယ်နိုင်ရန်အလို့ငှာ ICRC သို့ သတင်းပို့ပြီး၊ လိုအပ်သောအကြံပြုချက်များ ရယူနိင်ရန် ICRC သတင်းနှင့် အထွေထွေချန်နယ်ကို ဆက်သွယ်အကူအညီတောင်းခံနိုင်ပြီး ICRC ရုံးခွဲများကို စစ်တွေ၊ မြောက်ဦးနှင့် မောင်တောမြို့များတွင် ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ဒေသအုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံ ၁၀၀ ကျော်ကို ဖမ်းဆီးထားပြီး၊ ရခိုင်ပြည်နယ်အတွင်း ဆက်သွယ်ထား သည့် ကုန်းလမ်းများနှင့် ရေလမ်းကိုပါ ပိတ်ထားကြောင်း သိရသည်။

စစ်တွေမြို့တွင်လည်း ည ၉ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပြီး၊ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပေးရသူများကို အကူအညီများပေးနိုင်ရေး အတွက် အခက်အခဲများရှိနေကြောင်း သိရသည်။

#အောင်သူရိန်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

ရခိုင်ပြည်နယ်တွင်း တစ်ကျော့ပြန်တိုက်ပွဲများကြောင့် ဖမ်းဆီးခံရသူများကို ICRC မှ အကူအညီပေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.