ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေရှ့်နှင့်မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေ ဟုဆို

ဒက္ကာ၊ ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်တွင် မြန်မာလုံခြုံရေးအဖွဲ့များနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ ကြား ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော်ပြုလုပ်သော ကုန်သွယ်ရေးရပ်တန့်နေကြောင်း ဘင်္ဂလားဒေရှ့်အခြေစိုက် မီဒီယာများတွင် ဖော်ပြထားသည်။

တိုက်ပွဲများကြောင့် မြန်မာနိုင်ငံမှ အဓိကတင်သွင်းသော ကုန်ပစ္စည်းများ နှစ်လကြာရပ်တန့်ခဲ့ပြီး လက်ရှိအချိန်တွင် အခြားကုန်ပစ္စည်းများ တင်သွင်းမှုများလည်း ရပ်တန့်သွားခဲ့ရ ကြောင်း သိရသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံ တက်နက်ဖ် ကုန်တွင်းဆိပ်ကမ်းကို စီမံခန့်ခွဲနေသော United Land Port Teknaf Limited ကုမ္မဏီမှ အထွေထွေမန်နေဂျာ Jasim Uddin Chowdhury က ရခိုင်ပြည်နယ်တွင် ပြီးခဲ့သော နိုဝင်ဘာ ၁၃ ရက်နေ့မှစတင်ပြီး တိုက်ပွဲများဖြစ်လာခဲ့သည့်အတွက် ဒီဇင်ဘာနောက်ပိုင်းတည်းက ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံကြား နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်မှု လျော့နည်းလာခဲ့ကြောင်း ပြောသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံသည် မြန်မာနိုင်ငံထံမှ ကြက်သွန်၊ ဂျင်း၊ ကြက်သွန်ဖြူများကို တက်နက်ဆိပ်ကမ်းမှတဆင့် တင်သွင်းနေမှုများ လျော့နည်းကျဆင်းခဲ့ရကြောင်း သိရသည်။

ဘင်္ဂလားဒေရှ့်သည် မြန်မာနိုင်ငံဘက်ခြမ်းသို့ ပို့ဆောင်ပေးနေသော ကုန်ပစ္စည်းများတင်ပို့မှု ရပ်နားထားရကြောင်း သိရသည်။

ဘင်္ဂလားဒေရှ့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အချက်လက်များအရ ဘင်္ဂလားဒေရှ့်နိုင်ငံသည် နှစ်စဉ်ဂျင်းတန်ချိန် ၄ သိန်းခွဲလိုအပ်နေရာ မြန်မာ၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့မှ အများဆုံးမှာယူနေရကာ၊ မြန်မာနိုင်ငံက ဘင်္ဂလားဒေရှ့်နိုင်ငံကို ဂျင်းတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်၏ ပထမ ၁၁ လအတွင်း ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ဂျင်းတန်ချိန် ၈၀,၂၁၈ တန်၊ ကြက်သွန်ဖြူတန်ချိန် ၆၀၀ ကျော်တင်ပို့ထားကြောင်း သိရသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံသည် မြန်မာနိုင်ငံသို့ အားလူး၊ ပလက်စတစ်ကုန်ပစ္စည်း၊ အလူမီနီယံ၊ ဆေးဝါး၊ အလှကုန်ပစ္စည်း၊ အစားသောက်နှင့် chips,များကို အဓိကတင်ပို့ခဲ့ကြောင်းသိရ သည်။

ဘင်္ဂလားဒေရှ့်နှင့် မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ပြီးခဲ့သောရက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုအရှိန် မြင့်တက်လာခဲ့ရာ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်များနှင့် လူဝင်မှုကြီးကြပ်ရေဌာန တာဝန်ရှိသူများ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

ကောင်းထက်ငွေ

tbsnews.net

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဘင်္ဂလားဒေရှ့်နှင့်မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.