ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် အခြေနေများနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ စိုးရိမ်မကင်း ဟုဆို

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် သတင်းတု၊ သတင်းမှားနှင့် အမုန်းစကားများ ပြန့်ပွားနေခြင်းနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ရကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

စတီဖန်ဒူဂျာရစ်သည် ပြီးခဲ့သောရက်ပိုင်းကပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ယင်းကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မတည်မငြိမ်ဖြစ်နေသည့်အခြေအနေတွင် ပြန်လည်ပေါ်ပေါက်လာနေသည့် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခအန္တရာယ်နှင့် တင်းမာမှုများပိုမိုတိုးပွားလာနေသည့် အရိပ်အယောင်များရှိလာချိန်တွင် ကုလသမဂ္ဂအနေဖြင့် လူမှုသဟဇာတဖြစ်မှုကိုမြှင့်တင်ရန် နှစ်ဆတိုးကြိုးပမ်းနေကြောင်း၊ အတူတကွလက်တွဲလုပ်ဆောင်နေကြသည့် ရခိုင်ပြည်နယ်တွင်းက ရပ်ရွာခေါင်းဆောင်များ၊ အထူးသဖြင့် အမျိုးသမီးများနှင့် လူငယ်များကို အပြည့်အဝထောက်ခံအားပေးကြောင်း ၎င်းကပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် စနစ်တကျခွဲခြားဆက်ဆံခြင်းနှင့် ပြစ်ဒဏ်မှကင်းလွတ်နေခြင်းများ၏ အခြေခံအကြောင်းတရားများကို ကိုင်တွယ်ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံတွင် ရင် ဆိုင်နေရသည့် လက်ရှိအကျပ်အတည်းမှ လွတ်မြောက်ရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲသည့်လမ်းကြောင်းတစ်ခု တည်ဆောက်ရာမှာ အရေးပါကြောင်း ၎င်းကပြောသည်။

ထိုအပြင် ကုလသမဂ္ဂက မြန်မာနိုင်ငံအတွင်း အရပ်သားများအပေါ် လုပ်ဆောင်သည့် အကြမ်းဖက်မှုအားလုံးကို ပြစ်တင်ရှုတ်ချကြောင်း၊ စစ်မက်ပြုခြင်းရပ်တန့်ရန်နှင့် လူသားချင်းစာနာမှုလမ်းကြောင်း ကန့်သတ်ခံရမှုများအတွက် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့်အညီ ကူညီရေးလုပ်သားများအပါအဝင် အရပ်သားများကို အကာအကွယ်ပေးစေလိုကြောင်း သတင်းထုတ်ပြန်ထားသည်။

ကောင်းထက်ငွေ

un.org/en

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် အခြေနေများနှင့်ပတ်သက်ပြီး ကုလသမဂ္ဂ စိုးရိမ်မကင်း ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.