ရန်ကုန်၊ မတ် ၄
ရခိုင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲများကြောင့် ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်း ပိတ်ဆို့မှုဖြစ်ပွားနေပြီး စားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းများ ရှားပါးပြတ်လပ်မှုများ ဖြစ်ပွားနေကြောင်း UNOCHA Myanmar ၏ မတ် ၃ ရက်၊ နေ့စွဲဖြင့် ထုတ်ပြန်ချက်အရ သိရသည်။
“ ရခိုင်ပြည်နယ်မှာက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကစတင်ပြီး နှစ်ဖက်တိုက်ပွဲတွေ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒီမှာ ရေလမ်းကြောင်း၊ ကုန်လမ်းကြောင်းတွေကို ပိတ်ဆို့ထားတာတွေ ရှိနေတာဖြစ်ပါတယ်။” ဟု UNOCHA Myanmar ၏ တာဝန်ခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ရေလမ်းကြောင်းနှင့် လမ်းကြောင်း ပိတ်ဆို့မှုများကြောင့် မဖြစ်မနေသုံးစွဲနေရသည့် အခြေခံကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်နေလျက်ရှိကြောင်း သိရသည်။
ထို့ပြင် UNOCHA Myanmar ၏ ထုတ်ပြန်ချက်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက်က စစ်တွေမြို့လယ်ဈေးကြီးအတွင်းသို့ ကျည်ဆံကျရောက်မှုကြောင့် အရပ်သားပြည်သူအချို့ သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။
မြင့်မြတ်အောင်မြင်
ဓါတ်ပုံ – CJ
ရခိုင်တွင် ရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်းများ ပိတ်ဆို့မှုကြောင့် စားနပ်ရိက္ခာနှင့် အခြေခံကုန်ပစ္စည်းများ ပြတ်လပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်