ရန်ကုန်၊ နိုဝင်ဘာ ၁၅
ရခိုင်ပြည်နယ်ရှိ ရေထွက်ကုန်ကဏ္ဍ၌ လုပ်ကိုင်ရန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတစ်ခု ဝင်ရောက်ခဲ့ကြောင်း ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီထံမှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလမှ အောက်တိုဘာအထိ ၇ လတာ ကာလအတွင်း ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) လုပ်ငန်းတစ်ခု ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
“ ရခိုင်ပြည်နယ်ကထွက်တဲ့ ပင်လယ်ရေထွက် ကုန်ပစ္စည်းတွေကို ပြုပြင်ထုတ်လုပ်မယ့် လုပ်ငန်းဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှုတစ်ခုကိုလည်း ခွင့်ပြုထားတယ်။ ဒီလုပ်ငန်းနှစ်ခု ပေါင်းလိုက်မယ်ဆိုရင် ဒေသခံအလုပ်သမားတွေ အလုပ်အကိုင်အခွင့်အလမ်း ၁၅၀ လောက် ရရှိလာနိုင်မှာ ဖြစ်ပါတယ်။” ဟု ရခိုင်ပြည်နယ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာထူးမင်းသိမ်းက ပြောသည်။
ငါး၊ ပုစွန်၊ ဂဏန်းပျော့ ပြုပြင်ထုတ်လုပ်မည့် FDI လုပ်ငန်း၌ အမေရိကန်ဒေါ် လာ (ဝ ဒသမ ၅) သန်း ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး၊ သောက်ရေသန့်ထုတ်လုပ်မည့် နိုင်ငံသားပိုင် လုပ်ငန်းသည် ကျပ်သန်း ၁,၀၀၀ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်အထိ ရခိုင်ပြည်နယ်သို့ ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း ၂၈ ခုရှိပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၁ ခုအထိ ရှိပြီးဖြစ်ကြောင်း သိရသည်။
ယခုအခါ ရခိုင်ပြည်နယ်တွင် တိုက်ပွဲအချို့ဖြစ်ပွားနေပြီး ပြည်နယ်တွင်း ချိတ်ဆက်ထားသည့် လမ်းမကြီးများနှင့် ရေကြောင်းလမ်းများအားလုံး ယာယီပိတ်ဆို့ထားကြောင်း သိရ သည်။
ဓာတ်ပုံ – စီဂျေ
ရခိုင်တွင် ရေထွက်ကုန်ကဏ္ဍအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဝင်ရောက် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်