ယူကရိန်း၊ ထိုင်ဝမ်နှင့် အစ္စရေးတို့ကို ဒေါ်လာ ၉၅ ဘီလျံကူညီပေးမည့် ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ လက်မှတ်ရေးထိုး

ဝါရှင်တန်၊ ဧပြီ ၂၅

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် နိုင်ငံခြားတိုင်းပြည်များကို အမေရိကန်ဒေါ်လာ ၉၅ ဘီလျံကူညီထောက်ပံ့ပေးမည့် အကူညီပေးရေးဥပဒေမူကြမ်းကို လက်မှတ်ရေးထိုးလိုက် ကြောင်း သိရသည်။

အမေရိကန်အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့သည် ယူကရိန်း၊ ထိုင်ဝမ်နှင့် အစ္စရေးနိုင်ငံတို့ကို စစ်ရေးအကူညီပေးမည့် ဥပဒေမူကြမ်းကို ဆွေးနွေးခွင့်ပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် အမေရိကန်သမ္မတက ဥပဒေမူကြမ်းကို ဥပဒေအဖြစ်အတည်ပြုနိုင်ရန် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတက “ လွှတ်တော်အမတ်တွေနဲ့ လွှတ်တော်ခေါင်းဆောင်တွေဟာ သမိုင်းဝင်ဆုံးဖြတ်ချက်နဲ့ ခွင့်ပြုချက်ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အောက်လွှတ်တော်ဟာ နိုင်ငံအမျိုးသားလုံခြုံရေး တောင့်တင်းစေဖို့အတွက် ဥပဒေမူကြမ်းကို ခွင့်ပြုပေးခဲ့တယ်။” ဟု ပြောသည်။

အဆိုပါဥပဒေမူကြမ်းထဲတွင် ယူကရိန်းကို အမေရိကန်ဒေါ်လာ ၆၁ ဘီလျံ၊ ထိုင်ဝမ်နှင့် အင်ဒို-ပစီဖိတ်ဒေသအတွင်းရှိနိုင်ငံများကို အမေရိကန်ဒေါ်လာ ၈ ဘီလျံနှင့် အစ္စရေးကို အမေရိကန်ဒေါ်လာ ၂၆ ဘီလျံ ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

အောက်လွှတ်တော်သည် ယူကရိန်းကိုအကူညီပေးမည့် ဥပဒေမူကြမ်းကို လအတန်ကြာ ကန့်ကွက်ဆန့်ကျင့်ခဲ့ပြီးနောက် ပြီးခဲ့သောသီတင်းပတ်တွင် အောက်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ကာ ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

အမေရိကန်သမ္မတက ၎င်းတို့အနေဖြင့် အဆိုပါခွင့်ပြုငွေများကို အသုံးပြုပြီး ယူကရိန်းကို တာဝေးပစ်လက်နက်များ ကူညီထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ယူကရိန်းသည် လက်ရှိအချိန်တွင် ရုရှားနိုင်ငံနှင့်စစ်ပွဲဖြစ်ပွားနေကာ ပိုင်နက်နယ်မြေလေးခု ဆုံးရှုံးထားသည်။

ယူကရိန်းသည် ရုရှားတပ်ဖွဲ့ဝင်များကို နိုင်ငံအတွင်းမှ ပြန်လည်တိုက်ထုတ်နိုင်ရန် အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများထံမှ အကူညီများတောင်းခံနေဆဲဖြစ်သည်။

ရုရှားအစိုးရက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ထပ်မံကူညီထောက်ပံ့ပေးမည်ဆိုလျှင်လည်း မြေပြင်စစ်ပွဲအခြေနေများ၏ရလဒ်ကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ပြော သည်။

အောက်လွှတ်တော်ဥက္ကဌ မိုက် ဂျွန်ဆင်သည် ယူကရိန်းကို ကူညီထောက်ပံ့ပေးရေးနှင့်ပတ်သက်ပြီး ကန့်ကွက်ငြင်းဆန်ခဲ့သော်လည်း အမေရိကန်သမ္မတနှင့် အထက်လွှတ်တော်ခေါင်းဆောင်များက ဥပဒေမူကြမ်းကို အောက်လွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ပေးရန် ဖိအားပေးတောင်းဆိုခဲ့ပြီးနောက် ပြီးခဲ့သောစနေနေ့တွင် လွှတ်တော်အတွင်းမဲခွဲကာ ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

ကောင်းထက်ငွေ

yahoo.com

ယူကရိန်း၊ ထိုင်ဝမ်နှင့် အစ္စရေးတို့ကို ဒေါ်လာ ၉၅ ဘီလျံကူညီပေးမည့် ဥပဒေမူကြမ်းကို အမေရိကန်သမ္မတ လက်မှတ်ရေးထိုး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.