ဝါရှင်တန်၊ ဧပြီ ၂၁
အမေရိကန်အောက်လွှတ်တော်သည် ကာလအတန်ကြာ အငြင်းပွားနေသည့် ယူကရိန်းကို စစ်ရေးအကူညီပေးမည့် ဥပဒေမူကြမ်းကို ဆွေးနွေးဆုံးဖြတ်ခဲ့ပြီးနောက် ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။
အမေရိကန်အောက်လွှတ်တော်သည် ဧပြီ ၂၀ ရက်နေ့တွင် အမေရိကန်ဒေါ်လာ ၉၅ ဘီလျီတန်ဖိုး ကူညီထောက်ပံ့ပေးမည့် ဥပဒေမူကြမ်းကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် အမေရိကန်အထက်လွှတ်တော်ခေါင်းဆောင်တို့သည် ယူကရိန်းအပါအဝင် နိုင်ငံအချို့ကို စစ်ရေးအကူညီများပေးမည့် ဥပဒေမူကြမ်းကိုဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရန် တိုက်တွန်းတောင်းဆိုခဲ့ပြီးနောက် အောက်လွှတ်တော်အတွင်း ဧပြီ ၂၀ ရက်နေ့က ဆွေးနွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်အောက်လွှတ်တော်မှ ခွင့်ပြုခဲ့သော အကူညီပေးမည့် ဥပဒေမူကြမ်းထဲတွင် ယူကရိန်းကို အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၈၄ဘီလျံ၊ အစ္စရေးကို အမေရိကန်ဒေါ်လာ ၂၆ဘီလျံ၊ ထိုင်ဝမ်အပါအဝင် အင်ဒို-ပစီဖိတ်ဒေသအတွက် အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၂ ဘီလျံ ကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးက အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်များသည် မှန်ကန်သောလမ်းကြောင်းကို လျှောက်လှမ်းသောသမိုင်းကို ဆက်လက်ထိန်းသိမ်းခဲ့ကြောင်း ပြောသည်။
အမေရိကန်အောက်လွှတ်တော်သည် ယူကရိန်းကို စစ်ရေးအကူညီပေးမည့် ဥပဒေမူကြမ်းကို လအတန်ကြာကန့်ကွက်ခဲ့သော်လည်း လက်ရှိအချိန်တွင် ခွင့်ပြုလိုက်ပြီဖြစ်ရာ မူကြမ်းကို အထက်လွှတ်တော်တွင် ထပ်မံဆွေးနွေးပြီး ဥပဒေအဖြစ် သတ်မှတ်ရေးဆွဲသွားဖွယ်ရှိနေသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူများသည် ယူကရိန်းကိုအကူညီပေးမည့် ဥပဒေမူကြမ်းကို ခွင့်ပြုပေးရန် အောက်လွှတ်တော်ကို ဖိအားပေးခဲ့ရကြောင်း သိရသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးအပါအဝင် ယူကရိန်းအစိုးရတာဝန်ရှိသူများကိုယ်တိုင်က အမေရိကန်၏အကူညီများ ထပ်မံမရတော့ပါက ရုရှားနှင့်ဖြစ်ပွားနေသည့်စစ်ပွဲ ရှုံးနိမ့်ရဖွယ်ရှိနေကြောင်း ဝန်ခံပြောဆိုသည်။
ကောင်းထက်ငွေ
asiaone.com/world
ယူကရိန်း၊ ထိုင်ဝမ်နှင့် အစ္စရေးနိုင်ငံတို့ကို အကူညီပေးမည့် ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော် ခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်