ပဲရစ်၊ မတ် ၃
ယူကရိန်းနိုင်ငံသို့ နေတိုးတပ်ဖွဲ့ဝင်များ စေလွှတ်ရေးနှင့်ပတ်သက်ပြီး အငြင်းပွားမှုများရှိနေချိန်တွင် ပြင်သစ်နိုင်ငံကလည်း ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်မည်မဟုတ်ကြောင်း ထပ်မံပြောဆိုခဲ့သည်။
ပြီးခဲ့သောသီတင်းပတ်အတွင်းက ကျင်းပခဲ့သော နေတိုးအဖွဲ့အစည်းအဝေးတစ်ခုအတွင်း ပြင်သစ်သမ္မတ မက်ခရွန်က ရုရှားကို ဟန့်တားနိုင်ရန်အတွက် အနာဂတ်တွင် ယူကရိန်းသို့ နေတိုးတပ်ဖွဲ့ဝင်များစေလွှတ်ခြင်း ဖြစ်ကောင်းဖြစ်လာနိုင်ဖွယ်ရှိနေကြောင်း ပြောဆိုခဲ့ရာ နေတိုးအဖွဲ့ နှင့် ရုရှားနိုင်ငံကြား တင်းမာမှုများဖြစ်လာခဲ့သည်။
နေတိုးအဖွဲ့ဝင်အတွင်းရှိ နိုင်ငံများကြားတွင်လည်း ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်ရေးနှင့်ပတ်သက်ပြီး အငြင်းပွားမှုများရှိနေခဲ့ပြီး အမေရိကန်သမ္မတကိုယ်တိုင်က ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်မည်မဟုတ်ကြောင်း ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Stephane Sejourne က ပြင်သစ်နိုင်ငံအနေဖြင့် ရုရှားနှင့်တိုက်ရိုက်စစ်ပွဲဖြစ်လာမယ့်အန္တရာယ်ကို အတတ်နိုင်ဆုံးရှောင်ရှားသွားမည်ဖြစ်ကြောင်း၊ သို့သော်လည်း ယူကရိန်းကို စစ်ရေးကူညီထောက်ပံ့ပေးမှုများ ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက “ ပြင်သစ်ဟာ ယူကရိန်းအတွက် ကူညီထောက်ပံ့ပေးမှုတွေကို စွန့်လွှတ်သွားမှာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ ရုရှားကို စစ်ပွဲအနိုင်ရမှုကနေ တားဆီးနိုင်ဖို့ အရာရာတိုင်းလုပ်ဆောင်သွားမယ်။ ဒါပေမယ့် ယူကရိန်းကို မြေပြင်တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ဆိုတာ လက်ရှိအချိန်မှာမဖြစ်နိုင်သေးဘူး။” ဟု ပြောသည်။
အမေရိကန်၊ ဗြိတိန်၊ စပိန်၊ အီတလီ၊ ဂျာမနီနိုင်ငံအပါအဝင် ပြင်သစ်၏ မဟာမိတ်နိုင်ငံအချို့သည် ပြီးခဲ့သောရက်ပိုင်းတွင် ယူကရိန်းသို့ တပ်ဖွဲ့ဝင်များစေလွှတ်မည်မဟုတ်ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။
ရုရှားအစိုးရကလည်း ယူကရိန်းသို့ နေတိုးတပ်ဖွဲ့ဝင်များစေလွှတ်မည်ဆိုလျှင် ရုရှားနှင့်နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ကြား နျူကလီးယားစစ်ပွဲအန္တရာယ် ဖြစ်လာနိုင်ဖွယ်ရှိနေကြောင်းပြီးခဲ့သောရက်ပိုင်းက သတိပေးခဲ့သည်။
နေတိုးအုပ်စုဝင်နိုင်ငံများသည် ယူကရိန်းနှင့် ရုရှားစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်းတည်းက ယူကရိန်းကို ခေတ်မီလက်နက်များ ပံ့ပိုးကူညီပေးခြင်း၊ စစ်ရေးလေ့ကျင့်ခန်းများ ကူညီသင် ကြားပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ယူကရိန်းသည် ရုရှားတို့ သိမ်းပိုက်ထားသောနယ်မြေများကို ပြန်လည်သိမ်းယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မျှော်လင့်သလောက်အောင်မြင်မှုမရဘဲရှိနေကြောင်း သိရသည်။
ကောင်းထက်ငွေ
abcnews.go.com
ယူကရိန်းသို့ နေတိုးတပ်ဖွဲ့ဝင်များ စေလွှတ်တောမည်မဟုတ်ဟု ပြင်သစ်အစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်