လန်ဒန်၊ မတ် ၃
ဗြိတိန်ဝန်ကြီးချုပ် စတာမာသည် စစ်ပွဲအဆုံးသတ်ရန်နှင့် ရုရှားနိုင်ငံ၏ရန်မှ ကာကွယ်ရန်အတွက် ယူကရိန်းနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်လေးရပ်ကို ကြေညာခဲ့သည်။
ဗြိတိန်၊ ပြင်သစ်နှင့် အခြားနိုင်ငံများသည် ၎င်းတို့၏ ကြိုးပမ်းမှုများကို အရှိန်မြှင့်ပြီး ယူကရိန်းကိုထောက်ခံမှုတွင် အမေရိကန်ပါဝင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း၊ တနင်္ဂနွေနေ့ကပြုလုပ်သည့် ဇီလင်စကီးနှင့် ဥရောပခေါင်းဆောင် ၁၈ ဦး၏ ထိပ်သီးအစည်းအဝေးအပြီးတွင် စတာမာက ပြောကြားသည်။
“ ကျွန်တော်တို့ဟာ ဒီနေ့သမိုင်းရဲ့လမ်းဆုံလမ်းခွသို့ ရောက်နေပါပြီ။” ဟု စတာမာက ပြောကြားပြီး၊ ထိပ်သီးစည်းအဝေးပွဲအပြီးတွင် ဇီလင်စကီးက ယူကရိန်းအနေဖြင့် “ ခိုင်မာသော ထောက်ခံမှု” ကို ရရှိခံစားခဲ့ရပြီး “ အချိန်အတန်ကြာ မမြင်တွေ့ခဲ့ရသည့် ဥရောပစည်းလုံးညီညွတ်မှု၏ အလွန်မြင့်မားသောအဆင့်ကို ပြသနိုင်ခဲ့သည်။” ဟု ပြောကြားသည်။
“စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ အာမခံချက်ရှိတဲ့ လုံခြုံရေးအတွက် အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အခြေခံတစ်ခုရှာဖွေဖို့အတွက် ဥရောပမှာ ကျွန်တော်တို့အားလုံး အတူတကွလုပ်ဆောင်နေပါတယ်” ဟု ထိပ်သီးအစည်းအဝေးအပြီးတွင် ဇီလန်စကီးက ပြောကြားသည်။
ထိုအတောအတွင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မာကွန်က ပြင်သစ်နှင့် လန်ဒန်တို့သည် ရုရှားနှင့် ယူကရိန်းအကြား “ လေကြောင်း၊ ပင်လယ်နှင့် စွမ်းအင်ဆိုင်ရာ အခြေခံအဆောက် အအုံများ” တွင် တစ်လကြာ အပစ်အခတ်ရပ်စဲရေး အဆိုပြုလိုကြောင်း Le Figaro သတင်းစာကို ပြောကြားသည်။
ခေါင်းဆောင်များ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဝန် ကြီးချုပ် စတာမာက အချက်လေးချက်ကို သဘောတူခဲ့ကြောင်း ပြောကြားသည်။
(၁) ယူကရိန်းသို့ စစ်ရေးအကူအညီများ ဆက်လက်စီးဆင်းနေစေရန်နှင့် ရုရှားအပေါ် စီးပွားရေးအရ ဖိအားများ ဆက်လက်တိုးလာစေရန်။
(၂) ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးသည် ယူကရိန်း၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို အာမခံရမည်ဖြစ်ပြီး ယူကရိန်းသည် မည်သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်မဆို ပါဝင်ရမည်ဖြစ်သည်။
(၃) ငြိမ်းချမ်းရေးသဘောတူညီချက်အရ ယူကရိန်း၏ခံစစ်စွမ်းရည်ကို မြှင့်တင်ရန်။
(၄) ယူကရိန်းသဘောတူညီချက်ကို ခုခံကာကွယ်ရန်နှင့် နောက်ပိုင်းတွင် ငြိမ်းချမ်းရေးကိုအာမခံချက်ပေးရေး “ ညွန့်ပေါင်းအဖွဲ့” ထူထောင်ရန်တို့ဖြစ်သည်။
“အတိတ်က အမှားတွေကနေ သင်ခန်းစာယူရမယ်။ ရုရှားက လွယ်လွယ်နဲ့ချိုးဖောက်နိုင်တဲ့ ပျော့ညံ့တဲ့သဘောတူညီချက်ကို လက်မခံနိုင်ဘူး၊ ဘယ်သဘောတူညီချက်ကိုမဆို အင် အားနဲ့ ကျောထောက်နောက်ခံပေးရမယ်” ဟု ဝန်ကြီးချုပ် စတာမာက ဆိုသည်။
Ref: BBC
#ယနေ့ခေတ်
ယူကရိန်းနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်လေးရပ်ကို ဥရောပမဟာမိတ်များ သဘောတူ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်