ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၉
အမေရိကန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများကို မရဘူးဆိုလျှင် ယူကရိန်းသည် နောက်ထပ်မြို့အများအပြား ထပ်မံဆုံးရှုံးရဖွယ်ရှိနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ် ဖော်ပြောဆိုလိုက်သည်။
ယူကရိန်းသည် ပြီးခဲ့သောရက်ပိုင်းတွင် Avdeevka အမည်ရှိ မြို့တစ်မြို့စွန့်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် အမေရိကန်သမ္မတက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတသည် ယူကရိန်းကို စစ်ရေးအကူညီများ ထပ်မံပေးနိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကိုခွင့်ပြုပေးရန် အမေရိကန်အောက်လွှတ်တော်ကို တောင်းခံထားကြောင်း သိရသည်။
အမေရိကန်သမ္မတက ယူကရိန်းကို အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကူညီထောက်ပံ့ပေးနိုင်ဖို့ ထပ်မံကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိပြုပြောဆိုထားသည်။
သမ္မတ ဂျိုးဘိုင်ဒန်က “ ကျွန်တော်ဟာ ယူကရိန်းသမ္မတ ဇီလန်စကီးနဲ့ တွေ့ဆုံစကားပြောဆိုခဲ့တယ်။ သူကို နောက်ထပ်ငွေကြေးအများအပြား ထပ်မံရရှိစေဖို့ ယုံကြည်စေခဲ့တယ်။ ယူကရိန်းနိုင်ငံကလိုအပ်တဲ့ ကျည်ဆံတွေရရှိစေဖို့ ကျွန်တော်ဟာ အစွမ်းကုန်ကြိုးပမ်းသွားမယ်။ ယူကရိန်းကို စစ်ရေးအကူညီပေးမယ့်အစီစဉ်ကို ရီပတ်ဘလီကန်လွှတ်တော်ကိုယ် စားလှယ်တွေက တားဆီးပိတ်ဆို့တာမျိုးတွေရှိနေတယ်။” ဟု ပြောသည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံကြား စစ်ပွဲစတင်ပြီးချိန်နောက်ပိုင်းတည်းက အမေရိကန်သည် ယူကရိန်းနိုင်ငံကို စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၂ ဘီလျံကျော် ကူညီထောက်ပံ့ပေးခဲ့ပြီး လက်ရှိအချိန်တွင်လည်း ယူကရိန်းကို အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကူညီထောက်ပံ့ပေးရန် စီစဉ်နေကြောင်း သိရသည်။
ရီပတ်ဘလီကန်ပါတီ၏အမတ်များ စိုးမိုးထားသော အမေရိကန်အောက်လွှတ်တော်သည် ယူကရိန်းကို အမေရိကန်ဒေါ်လာဘီလျံ ၆၀ ပေးမည့် အမေရိကန်သမ္မတက တင်ပြထားသောမူကြမ်းကို ခွင့်ပြုပေးရန် နှောင်နေးနေကြောင်း သိရသည်။
ကောင်းထက်ငွေ
smh.com.au
ယူကရိန်းနိုင်ငံအနေဖြင့် အမေရိကန်၏အကူညီမရပါက မြို့အများအပြား ထပ်မံဆုံးရှုံးမည်ဟု သမ္မတ ဂျိုးဘိုင်ဒန် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်