ယူကရိန်းစစ်ရှုံးပါက အမေရိကန်နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းမည်ဟု ဥရောပသမဂ္ဂ အကြီးအကဲ သတိပေး

ဘရပ်ဆဲလ်၊ မတ် ၁၅

ရုရှားနှင့် ယူကရိန်းနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲတွင် ယူကရိန်းနိုင်ငံစစ်ရှုံးခဲ့ပါက အမေရိကန်နိုင်ငံအပေါ် မဟာမိတ်နိုင်ငံများ ယုံကြည်မှုကျဆင်းသွားမည်ဖြစ်သလို အမေရိကန်နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းသွားဖွယ်ရှိနေကြောင်း ဥရောပသမဂ္ဂအကြီးအကဲတစ်ဦးဖြစ်သူ ဂျိုးဆပ်ဘော်ရယ်လ်က သတိပေးပြောဆိုလိုက်သည်။

ယူကရိန်းစစ်ပွဲနှင့်ဆက်နွယ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဥရောပသမဂ္ဂအကြီးအကဲကြား တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် သတိပေးပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်သည် ယူကရိန်းကို စစ်ရေးအကူညီပေးနိုင်ရန်အတွက် စစ်ရေးအကူညီအဖြစ် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံကျော် ကူညီထောက်ပံ့ပေးရန် ကြိုးပမ်းနေသော်လည်းအောက်လွှတ်တော်၏ ကန့်ကွက်မှုများ ရင်ဆိုင်နေရကြောင်း သိရသည်။

ဂျိုးဆက်ဘော်ရယ်လ်က “ လာမယ့်လတွေဟာ ယူကရိန်းစစ်ပွဲအတွက် အဆုံးအဖြတ်ဖြစ်လာလိမ့်မယ်။ ရုရှားနိုင်ငံဟာ လာမယ့်နွေရာသီမှာ ကြီးမားတဲ့ထိုးစစ်ဆင်မှာဖြစ်တယ်။အမေရိကန်ရွေးကောက်ပွဲပြီးချိန်အထိ စောင့်ဆိုင်းလို့မရတော့ဘူး။ စစ်ပွဲမှာ ရုရှားအနိုင်ရခဲ့မယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ လုံခြုံရေးကူညီထောက်ပံ့ပေးတယ်ဆိုတဲ့ နိုင်ငံဂုဏ်သိက္ခာလည်း ထိခိုက်သွားမယ်။” ဟု ပြောသည်။

အမေရိကန်သည် ယူကရိန်းနှင့် ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းတည်းက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ပြီး ယူကရိန်းက ရုရှားကိုရင်ဆိုင်နိုင်ရန်အတွက် လိုအပ်သောအကူညီများပေးရန် အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများကို တောင်းခံနေဆဲဖြစ်သည်။

ယူကရိန်းသမ္မတက အမေရိကန်နိုင်ငံထံမှ အကူညီများထပ်မံမရဘူးဆိုလျှင် စစ်ပွဲရှုံးနိမ့်သွားတော့မည်ဖြစ်ကြောင်း သတိပေးပြောဆိုထားသည်။

ယူကရိန်းသည် ရုရှားနှင့်စစ်ပွဲဖြစ်စေရန်အတွက် အမေရိကန်နိုင်ငံ၏ ကြားခံအသုံးချခံနိုင်ငံဖြစ်နေကြောင်း ဝေဖန်သုံးသပ်မှုများလည်းရှိနေသည်။

ဥရောပသမဂ္ဂသည် ယူကရိန်းကို ကူညီထောက်ပံ့ပေးရန် စီစဉ်နေပြီး ယူရို ၅ ဘီလျံကူညီပေးရန် အဖွဲ့ဝင်နိုင်ငံများကြား သဘောတူညီခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကောင်းထက်ငွေ

azerbaycan24.com/en

ယူကရိန်းစစ်ရှုံးပါက အမေရိကန်နိုင်ငံ၏ ဂုဏ်သိက္ခာကျဆင်းမည်ဟု ဥရောပသမဂ္ဂ အကြီးအကဲ သတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.