ပင်တဂွန်၊ မတ် ၂၁
အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲအတွင်း ယူကရိန်းစစ်ရှုံးခြင်းကို ခွင့်ပြုသွားမည်မဟုတ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်က မတ်လ ၁၉ ရက်နေ့တွင်ကျင်းပသော ယူကရိန်းကာကွယ်ပေးရေးအဖွဲ့ အစည်းအဝေးအတွင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ယူကရိန်းသည် လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းများလိုအပ်နေသလို အမေရိကန်အစိုးရကလည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန် နှောင့်နေးနေကြောင်း သိရသည်။
ယူကရိန်းကို ကူညီထောက်ပံ့ပေးမည့် အမေရိကန်ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိမူကြမ်းကို အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်များက ဆိုင်းငံ့ခဲ့ရာ အခက်ခဲဖြစ်နေကြောင်း သိရသည်။
သို့သော်လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုင်အော်စတင်က ယူကရိန်းကို ကူညီထောက်ပံ့ပေးနိုင်ရန် လိုအပ်သောအရင်းမြစ်များကို အသုံးပြုမည်ဖြစ်ကြောင်း ပြောသည်။
အမေရိကန်အစိုးရသည် စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်းကတည်းက ယူကရိန်းကို အမေရိကန်ဒေါ်လာ အနည်းဆုံးဘီလျံ ၄၀ ကျော် ကူညီထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း သိရ သည်။
အမေရိကန်အစိုးရသည် ယူကရိန်းကို စစ်ရေးအကူညီအဖြစ် ပြီးခဲ့သောသီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာသန်း ၃၀၀ ထပ်မံကူညီပေးခဲ့ကြောင်း သိရသည်။
ယူကရိန်းသည် အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများ၏ စစ်လက်နက်ပစ္စည်းများကြောင့် စစ်ပွဲကို ဆက်လက်တိုက်ခိုက်နိုင်ခြင်းဖြစ်ပြီး အမေရိကန်၏အကူညီမရဘူးဆိုလျှင် စစ်ပွဲရှုံးနိမ့်သွားဖွယ်ရှိနေကြောင်း သိရသည်။
ယူကရိန်းသမ္မတအပါအဝင် ယူကရိန်းအစိုးရတာဝန်ရှိသူများက အမေရိကန်၏အကူညီများ မရဘူးဆိုလျှင် စစ်ပွဲရှုံးနိမ့်ဖွယ်ရှိနေကြောင်း ပြောသည်။
အမေရိကန်သည် ယူကရိန်းကို ကူညီထောက်ပံ့ပေးနိုင်ရန် မိတ်ဆက်နိုင်ငံများကိုလည်း တွန်းအားပေးနေပြီး ဂျာမနီက ယူကရိန်းကို အမေရိကန်ဒေါ်လာသန်း ၅၀၀ နီးပါး ကူညီသွားမည်ဟု အစည်းအဝေးကာလအတွင်း ကတိပြုခဲ့သည်။
ဂျာမနီသည် ယူကရိန်းနှင့် ရုရှားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်ပြီးလျှင် ယူကရိန်းကို စစ်လက်နက်ပစ္စည်းများအကူညီပေးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်နေကြောင်း သိရ သည်။
ကောင်းထက်ငွေ
channelnewsasia.com
ယူကရိန်းစစ်ရှုံးခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း အမေရိကန်စစ်ဘက် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်