မော်စကို၊ ဒီဇင်ဘာ ၂၀
ရုရှားသမ္မတပူတင်က ယူကရိန်းနှင့်ဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်ရန်အတွက် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးသွားရန် အဆင့်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ဒေါ်နယ်ထရမ့်က ၎င်းအနေဖြင့် အမေရိကန်သမ္မတအဖြစ် တာဝန်ယူချိန်တွင် ယူကရိန်းနှင့် ရုရှားနိုင်ငံကြားဖြစ်ပွားနေသော စစ်ပွဲအဆုံးသတ်ရေး အလျင်မြန်လုပ်ဆောင်သွားရန် ဆန္ဒရှိနေကြောင်း မကြာသေးမီက ပြောဆိုခဲ့သည်။
ရုရှားသမ္မတပူတင်က ၎င်းအနေဖြင့် ဒေါ်နယ်ထရမ့်နှင့် နှစ်အတန်ကြာ တွေ့ဆုံဆွေးနွေးခြင်းမရှိခဲ့ကြောင်း၊ အနည်းဆုံး ၄ နှစ်နီးပါးရှိနေပြီဖြစ်ကြောင်း နှစ်စဉ်ပြုလုပ်နေကျ အမေး၊အဖြေကဏ္ဍတွင် ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရသည်။
ရုရှားသမ္မတပူတင်သည် ယူကရိန်းနှင့်စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း အားနည်းသွားခြင်းမျိုးမရှိဘဲ ပိုမိုတောင့်တင်းလာခဲ့ကြောင်း ထပ်မံပြောဆိုခဲ့သည်။
သမ္မတပူတင်က “ကျွန်တော်တို့ အမြဲတမ်းပြောဆိုထားပါတယ်။ ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ စေ့စပ်ဆွေးနွေးဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ အမြဲအဆင့်သင့်ရှိနေတာကို ပြောခဲ့တယ်။ ရု ရှားတပ်ဖွဲ့တွေဟာ ရှေ့တန်းစစ်မျက်နှာတွေမှာ အသာရနေတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး မကြာခင်မှာ ရုရှားနိုင်ငံရဲ့ရည်မှန်းချက်တွေ ရယူနိုင်မှာပါ။ ရုရှားကို တိုက်ခိုက်လိုတဲ့ ယူကရိန်းစစ်သားအရေအတွက်လည်း မကြာခင်ကုန်သွားတော့မှာပါ၊ ယူကရိန်းဘက်မှာ စစ်ပွဲကိုတိုက်ခိုက်လိုတဲ့လူတွေလည်း ဆက်ရှိမှာမဟုတ်ဘူး။ ကျွန်တော်တို့ စစ်ပွဲကိုဆက်တိုက်ဖို့ အဆင့်သင့်ရှိနေပါတယ်။ ဒါပေမယ့် ယူကရိန်းနိုင်ငံကလည်း စစ်ပွဲအဆုံးသတ်ဖို့နဲ့ ပူးပေါင်းဆောင်ရွက်မှုရှိဖို့ လိုအပ်တယ်။” ဟု ပြောသည်။
ရုရှားသမ္မတပူတင်သည် ပြီးခဲ့သောလကလည်း ယူကရိန်းနှင့် အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန်အတွက် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် အဆင့်သင့်ရှိနေကြောင်းပြောခဲ့သလို နေတိုးမဟာမိတ်အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်လိုသော ယူကရိန်း၏ရည်မှန်းချက်ကို စွန့်လွှတ်ရမည်ဖြစ်ကြောင်း ပြောသည်။
ရုရှားသမ္မတသည် စစ်ပွဲအဆုံးသတ်ရန် ယူကရိန်းသမ္မတ ဇီလန်စကီးအပါအဝင် မည့်သူနှင့်မဆို တွေ့ဆုံဆွေးနွေးမည်ဟု ပြောဆိုထားသော်လည်း ဆွေးနွေးမှုစတင်မည့်အခြေနေများကို အတိအကျပြောဆိုခြင်းမရှိသေးကြောင်း သိရသည်။
ကောင်းထက်ငွေ
channelnewsasia.com
ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ဒေါ်နယ်ထရမ့်နှင့်တွေ့ဆုံဆွေးနွေးရန် အဆင့်သင့်ရှိနေဟု ရုရှားသမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်