ကိဗ်၊ ဇူလိုင် ၄
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်အနေဖြင့် အမေရိကန်သမ္မတဖြစ်လာမည်ဆိုလျှင် ယူကရိန်းစစ်ပွဲကို ၂၄ နာရီအတွင်းဖြေရှင်းမည်ဆိုသော အချက်နှင့်ပတ်သက်ပြီး ၎င်း၏ အစီအစဉ်ကို ထုတ်ဖော်ပြောဆိုသင့်ကြောင်း ယူကရီန်းသမ္မတ ဇီလန်စကီးက တိုက်တွန်းလိုက်သည်။
ဒေါ်နယ်ထရမ့်က ၎င်းသာသမ္မတအဖြစ်ဆက်ရှိနေမည်ဆိုလျှင် ယူကရိန်းနှင့် ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာမည်မဟုတ်သလို သမ္မတအဖြစ်ပြန်လည်ရွေးကောက်ခံရချိန်တွင်လည်းအခက်ခဲပြဿနာများကို တစ်ရက်အတွင်းဖြေရှင်းမည်ဟု ဆိုသည်။
ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သောရက်ပိုင်းကကျင်းပသော စကားစစ်ထိုးပွဲတွင်လည်း ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး အမြန်ဆုံးဖြေရှင်းမည်ဟု ထိပ်မံပြောဆိုခဲ့ကြောင်း သိရသည်။
သို့သော်လည်း ဒေါ်နယ်ထရမ့်သည် ယူကရိန်းစစ်ပွဲအဆုံးသတ်ရန် မည်သို့ဖြေရှင်းမည်ဆိုသည်ကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။
ယူကရိန်းသမ္မတက “ ဒေါ်နယ်ထရမ့်ဟာ ယူကရိန်းစစ်ပွဲ အမြန်ဆုံးအဆုံးသတ်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာ သိချင်မိတယ်။ ဒေါ်နယ်ထရမ့်ဟာ စစ်ပွဲကိုအမှန်တကယ်အ ဆုံးသတ်နိုင်အောင် လုပ်ဆောင်နိုင်မယ်ဆိုရင် လက်ရှိအချိန်မှာ ထုတ်ဖော်ပြောဆိုသင့်တယ်။ ကျွန်တော်တို့ ယူကရိန်းနိုင်ငံရဲ့လွှတ်လပ်ရေးအတွက် အန္တရာယ်ရှိတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ပိုင်နက်တွေနဲ့ နိုင်ငံသားတွေဘဝ ဆုံးရှုံးရမယ့်အန္တရာယ်မျိုးတွေ ရှိလာနိုင်တဲ့အတွက် ယူကရိန်းအစိုးရဟာ လုပ်စရာရှိတာတွေလုပ်ဖို့ လိုအပ်တယ်။” ဟု ပြောသည်။
ယူကရိန်းနှင့် ရုရှားနိုင်ငံကြား ဖြစ်ပွားနေသည့်စစ်ပွဲက အချိန်နှစ်နှစ်ကျော်လာခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ်ခတ်ရပ်စဲနိုင်ခြင်းမရှိဘဲ စစ်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
ကောင်းထက်ငွေ
rt.com
ယူကရိန်းစစ်ပွဲကို တစ်ရက်အတွင်းဖြေရှင်းမည်ဆိုသော ဒေါ်နယ်ထရမ့်၏အစီအစဉ်ကို သိလိုကြောင်း ယူကရိန်းသမ္မတ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်