ဝါရှင်တန်၊ နိုဝင်ဘာ ၁၈
အမေရိကန်အစိုးရသည် ရုရှားနှင့် ယူကရိန်းစစ်ပွဲအတွင်း ယူကရိန်းက ရုရှားပိုင်နက်အတွင်းပိုင်းကို တိုက်ခိုက်နိုင်ရန် အမေရိကန်နိုင်ငံထုတ် တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့်ပေးလိုက်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် လာမည့်လပိုင်းအတွင်း သမ္မတအပြောင်းအလဲပြုလုပ်မည်ဖြစ်ရာ လက်ရှိအမေရိကန်အစိုးရ တာဝန်ယူခွင့်ရသည့် နောက်ဆုံးလပိုင်းအတွင်း Army Tactical Missile System (ATACMS) အမျိုးအစား ဒုံးကျည်များကို ယူကရိန်းအားအသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယူကရိန်းစစ်ပွဲတွင် ရုရှားနိုင်ငံဘက်မှ မြောက်ကိုရီးယားစစ်သားများ ပါဝင်တိုက်ခိုက်ခြင်းကို တုံ့ပြန်မှုအဖြစ် အမေရိကန်အစိုးရက ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယူကရိန်းသမ္မတ ဇီလန်စကီးက “ ကျွန်တော်တို့ သင့်တော်တဲ့လုပ်ရပ်တွေလုပ်နိုင်ဖို့ ခွင့်ပြုချက်တွေရထားတယ်။” ဟု ပြောသည်။
ယူကရိန်းနိုင်ငံတွင် အမေရိကန်နိုင်ငံထုတ် ATACMS အမျိုးအစား ဒုံးကျည်အစင်းရေ မည်မျှရှိနေသည်ဆိုခြင်းကို အတိကျမသိသေးကြောင်း သတင်းများတွင်ဖော်ပြထားသည်။
ယူကရိန်းနှင့် ရုရှားစစ်ပွဲသည် နှစ်နှစ်ကျော်ရှိလာခဲ့သော်လည်း လက်ရှိအချိန်အထိ အပစ်အခတ်ရပ်စဲရေး ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့်ပေးလိုက်ခြင်းကြောင့် ယူကရိန်းနှင့် ရုရှားစစ်ပွဲ ပိုမိုပြင်းထန်လာဖွယ်ရှိနေသည်။
ရုရှားသမ္မတပူတင်က အမေရိကန်အစိုးရ၏ဆုံးဖြတ်ချက်သည် တတိယကမ္ဘာစစ်ကို ဦးတည်လာဖွယ်ရှိနေပြီး လျင်မြန်စွာတုံ့ပြန်မည်ဖြစ်ကြောင်း သတိပေးထားသည်။
ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် ဇန်နဝါရီလတွင် သမ္မတကျမ်းသစ္စာမကျိန်ဆိုခင် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းကို တာဝေးပစ်ဒုံးကျည်များ အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်သည်။
အမေရိကန်အစိုးရသည် ယူကရိန်းကို ၎င်းတို့ထောက်ပံ့ပေးထားသော လက်နက်များကို အကန့်သတ်ဖြင့်သာ အသုံးပြုခွင့်ပေးထားသော်လည်း လက်ရှိအချိန်တွင် ယူကရိန်းသမ္မတတောင်းဆိုသည့်အတိုင်း တာဝေးပစ်လက်နက်များ အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်သည်။
#ကောင်းထက်ငွေ
channelnewsasia.com
#ယနေ့ခေတ်
ယူကရိန်းစစ်တပ်က ရုရှားပိုင်နက်ထဲသို့ တာဝေးပစ်ဒုံးကျည်များဖြင့်ပစ်ခတ်ရန် အမေရိကန်အစိုးရ ခွင့်ပြု အတွက် မှတ်ချက်များ 0 ခုရှိပါတယ်