ရန်ကုန်၊ အောက်တိုဘာ ၂၉
ရန်ုကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဥ်မြို့တော်၊ အမှတ် (၉၄) ရပ် ကွက်၊ ၁၄ လမ်း၊ B နှင့် C Block လမ်းကြား၊ ကျွန်းရွှေဝါလမ်းမကြီးပေါ်တွင် အောက်တိုဘာ ၂၇ ရက်၊ ညနေ ၄ နာရီ ၁၅ မိနစ်က ကျူးတဲ၌ နေထိုင်သူ မိန်းကလေးငယ်တစ်ဦး မိုးကြိုးစက်ကွင်းထိမှန်၍ သေဆုံးသွားကြောင်း ပိတောက်ကွေ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦး က ယနေ့ခေတ်သို့ ပြောသည်။
“ မိုးကြိုးပစ်ခဲ့တဲ့ လူနာသမီးငယ်လေးကို အချိန်မီပို့ဆောင်နိုင်ရေး ကူညီပေးနေစဥ်မှာ ဆေးခန်းမရောက်ခင် သေဆုံးသွားပါတယ်။ မိနီမ(ခေါ် )မပွင့်ဝတီကျော် အသက် (၁၁)နှစ်ပါ။ ကျူးတဲမှာ နေထိုင်သူဖြစ်ပါတယ်။ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုးပစ်မှုကြောင့် မိုးကြိုးစက်ကွင်းမလွတ်ပဲ နားထင်ကိုထိမိပြီး သေဆုံးတာပါ။” ဟု ပိတောက်ကွေ့ လူမှုကူညီ ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အဆိုပါ မိုးကြိုးစက်ကွင်းထိမှန်၍ သေဆုံးသူ မိနီမ(ခေါ်)မပွင့်ဝတီကျော်၊ အသက် ၁၁ နှစ်သည် ကျွန်းရွှေဝါလမ်းမကြီးပေါ် ရှိ ကျူးတဲ၌ နေထိုင်သူတစ်ဦးဖြစ်ပြီး ယုဇနဥယျာဉ် အခြေစိုက် ပိတောက်ကွေ့ လူမှုကူညီရေးအသင်းက အချိန်မီဆေးကုသနိုင်ရန် ကူညီပို့ဆောင်ခဲ့သော်လည်း လမ်းမှာပင် ကွယ်လွန်သွားကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ယုဇနဥယျာဥ်မြို့တော်တွင် မိုးကြိုးစက်ကွင်းထိမှန်၍ မိန်းကလေးငယ်တစ်ဦး သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်