ယီမင်နိုင်ငံကို အမေရိကန်နှင့် ဗြိတိန်တိုက်လေယာဉ်များပူးပေါင်းပြီး ပထမဆုံးအကြိမ် တိုက်ခိုက်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၂

အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့သည် ဟူသီလက်နက်ကိုင်အုပ်စုများကို ဖြိုခွင်းနိုင်ရန်အတွက် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အုပ်စုများနှင့် ဆက်နွယ်သည့် ပစ်မှတ်များကို လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ပင်လယ်နီဒေသမှ ဖြတ်သန်းနေသော ကုန်စည်သင်္ဘောများ တိုက်ခိုက်နေခြင်းများကို ရပ်တန့်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီက တောင်းဆိုပြီး ရက်အပိုင်းအကြာတွင် အမေရိ ကန်နှင့် ဗြိတိန်တို့သည် ယီမင်နိုင်ငံကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အုပ်စုများနှင့် ဆက်နွယ်နေသည့်အရာများကို တိုက်ခိုက်ရန်အတွက် အမေရိကန်နှင့် ဗြိတိန်တို့သည် တိုက်လေယာဉ်များအပြင် Tomahawk ပဲ့ထိန်း ဒုံးကျည်များကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း အမေရိကန်မီဒီယာများက ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဟူသီလက်နက်ကိုင်အုပ်စုများကို တိုက်ခိုက်ခြင်းအပေါ် သြစတြေးလျ၊ ဘာရိန်း၊ ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့က အားပေးထောက်ခံကြောင်း ပြောသည်။

အမေရိကန်အစိုးရက “ ပင်လယ်နီဒေသရှိ နိုင်ငံတကာရေပိုင်နက်အတွင်းမှာ ဖြတ်သန်းနေတဲ့ သင်္ဘောတွေကို နှောက်ယှက်နေတဲ့ ဟူသီလက်နက်ကိုင်အုပ်စုကို ဖြိုခွင်းဖို့ တိုက်ရိုက် တုံ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဟူသီလက်နက်ကိုင်အုပ်စုရဲ့ တိုက်ခိုက်မှုတွေက အမေရိကန်ပြည်သူတွေ၊ အမေရိကန်အရပ်သားတွေနဲ့ မိတ်ဖက်နိုင်ငံတွေကို အန္တရာယ်ဖြစ်စေခဲ့ တယ်။ ဟူသီလက်နက်ကိုင်အုပ်စုဟာ ကမ္ဘာကုန်သွယ်ရေးနဲ့ နိုင်ငံတကာရေလမ်းကြောင်းမှာ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်တွေကိုလည်း ခြိမ်းခြောက်နေခဲ့တာဖြစ်တယ်။” ဟု ပြောသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အမေရိကန်အစိုးရအနေဖြင့် ကုန်သွယ်ရေးလုပ်ငန်းများကို လွတ်လပ်စွာလုပ်နိုင်ရန်နှင့် ပြည်သူများကို ကာကွယ်ရန်အတွက် နောက်ထပ်တိုက်ရိုက် တုံ့ပြန်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောသည်။

ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆူနက်ကလည်း အမေရိကန်တိုက်လေယာဉ်များနှင့်အတူ ဗြိတိန်လေတပ်တပ်ဖွဲ့ဝင်များသည် ဟူသီလက်နက်ကိုင်အုပ်စုများကို ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့ ကြောင်း ပြောသည်။

ဟူသီလက်နက်ကိုင်အုပ်စုများ၏ ရန်စခြိမ်းခြောက်မှုများကို တားဆီးရန်အတွက် ပင်လယ်နီဒေသအတွင်းကို ဗြိတိန်ရေတပ်၏ စစ်သင်္ဘောများ ကင်းလှည့်မည်ဖြစ်ကြောင်း ဗြိတိန် ဝန်ကြီးချုပ်က ပြောသည်။

ဗြိတိန်အစိုးရသည် ကုန် သွယ်ရေးလုပ်ငန်းများ လွတ်လပ်စွာလုပ်ကိုင်နိုင်ရန်နှင့် ရေကြောင်းလွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်များကို အမြဲတမ်းထောက်ခံအားပေးကြောင်း ဗြိတိန် ဝန်ကြီးချုပ်က ပြောသည်။

ဟူသီလက်နက်ကိုင်အုပ်စုက ယီမင်နိုင်ငံအတွင်းရှိ နေရာပေါင်း ၁၆ နေရာ တိုက်ခိုက်ခံရခြင်းအတွက် လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း သတိပေးပြောဆိုထားရာ ပင်လယ်နီဒေသ အတွင်း တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း သုံးသပ်မှုများရှိနေသည်။

ကောင်းထက်ငွေ

channelnewsasia.com

ယီမင်နိုင်ငံကို အမေရိကန်နှင့် ဗြိတိန်တိုက်လေယာဉ်များပူးပေါင်းပြီး ပထမဆုံးအကြိမ် တိုက်ခိုက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.