တလ်အဗစ်၊ မေ ၄
ယီမင်နိုင်ငံမှပစ်လွှတ်သော ဒုံးကျည်တစ်စင်းသည် အစ္စရေး၏ နိုင်ငံတကာလေဆိပ်အနီးသို့ကျရောက်ခဲ့ပြီး လေကြောင်းသွားလာမှု ခေတ္တရပ်တန့်သွားကာ လက်တုံ့ပြန်သွားမည်ဟု အစ္စရေးအာဏာပိုင်များက ပြောကြားသည်။
ယီမင်နိုင်ငံမှ ဟူသီသူပုန်များက တိုက်ခိုက်မှုအပြီး ဒုံးကျည်ပစ်ခတ်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။
အစ္စရေးစစ်တပ်က ဒုံးကျည်အား ကြားဖြတ်ဟန့်တားရန် ကြိုးပမ်းခဲ့သော်လည်း Ben Gurion အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးကိုထိမှန်ခဲ့ကြောင်း အစ္စရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“ ကျွန်တော်တို့နောက်မှာရှိတဲ့ ဧရိယာကို ခင်ဗျားတို့မြင်ရမှာပါ၊ ဒီနေရာက မီးတောင်ပေါက်ကွဲမှုတစ်ခုလို ဖြစ်ပေါ် လာပြီး၊ မီတာများစွာကျယ်ဝန်းပြီး ပေပေါင်းများစွာနက်ပါတယ်” ဟု ရဲတပ်ဖွဲ့၏ခရိုင်အကြီးအကဲ Yair Hezroni က အခင်းဖြစ်ပွားရာနေရာတွင် ပြောကြားခဲ့သည်။
နိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အချက်ပေးသံများပေါ်ထွက်လာပြီးနောက် ဂျေရုဆလင်နှင့် လေဆိပ်ဧရိယာများတွင် ပေါက်ကွဲသံများကြားခဲ့ရကြောင်း အေအက်ဖ်ပီသတင်းထောက်များက ပြောကြားသည်။
ဒုံးကျည်ပစ်ခတ်မှုကြောင့် လေယာဉ်ခရီးစဉ်များ ပြတ်တောက်သွားခဲ့ပြီး ခဏအကြာတွင် Ben Gurion မှ ထွက်ခွာနှင့် ဆိုက်ရောက်ခရီးစဉ်များ ပြန်လည်စတင်ခဲ့ကြောင်း အစ္စရေးလေဆိပ်အာဏာပိုင်များက ပြောကြားသည်။
“လေဆိပ်ကိုဖွင့်ထားပြီး ပြန်လည်ပတ်နေပါပြီ” ဟု လေကြောင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref: Bangkok Post
#ယနေ့ခေတ်
ယီမင်ကပစ်လွှတ်လိုက်သည့်ဒုံးကျည်သည် လေဆိပ်ဧရိယာကို ထိမှန်ခဲ့ကြောင်း အစ္စရေးဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်