ရန်ကုန်၊ ဧပြီ ၂၂
၂၀၂၅ ခုနှစ်၊ ဧပြီ ၂ ရက်မှ ဧပြီ ၂၂ ရက်အထိကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် နစကက သတ်မှတ်ထားပြီးနောက် နောက်ထပ်တစ်ပတ်သက်တမ်းတိုးကြောင်း သိရသည်။
မတ် ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ငလျင်ဒဏ်ခံပြည်သူလူထုအတွက် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ၁၀ ရက်သတ်မှတ်ခဲ့ပြီးနောက် ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိ နောက်ထပ် ၇ ရက် ထပ်မံသက်တမ်းတိုးလိုက်ကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၂၂ ရက်နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
ယခုကာလသည် တိုင်းပြည်အတွင်း ပြင်းထန်သည့်ငလျင်ဘေးကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက်ပံ့ပိုးကူညီနိုင်ရေးအတွက် အပစ်အခတ်ရပ်စဲရေးသည် အဓိကလိုအပ်ချက်တစ်ခုဖြစ်ကြောင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးအတွက် ဦးဆောင်လှုပ်ရှားနေသူ ဦးမြအေးက ယနေ့ခေတ်သို့ ပြောကြားသည်။
“အဓိကကတော့ဗျာ တိုင်းပြည်မှာ ငလျင်တွေလှုပ်ပြီးတော့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်ကို နိုင်ငံတကာအကူအညီအထောက်အပံ့တွေ တိုက်ရိုက်ရောက်ဖို့လိုအပ်တယ်။ တိုက်ရိုက်ရောက်ဖို့လိုအပ်တယ်ဆိုတဲ့အခါမှာ ဟိုဘက်ရော ဒီဘက်ရော။ ပြောချင်တာက ဒီဘက် စကစအုပ်စိုးထားတဲ့နယ်မြေတွေရော၊ စကစ မအုပ်စိုးနိုင်တဲ့ PDF တွေအုပ်စိုးထားတဲ့နယ်မြေတွေရောမှာ ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ဆိုရင် အပစ်အခတ်တွေ ခေတ္တရပ်ထားမှရမယ်လို့မြင်တယ်။ အဲဒီအခြေအနေကောင်းကို ဖန်တီးကြဖို့လိုတယ်လို့မြင်တယ်။” ဟု ဦးမြအေးက ပြောကြားသည်။
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အ များပြည်သူသွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောက်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ ဌာနချုပ်များကို နှောက်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကို မပြုလုပ်ရန်နှင့် ထိုကဲ့သို့ဆောင်ရွက်လာပါက ပြည်သူလူထုကိုကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူတုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ယနေ့ခတ်
ဓာတ်ပုံ- ယနေ့ခေတ်
ယာယီအပစ်အခတ်ရပ်စဲရေး သက်တမ်းတစ်ပတ်တိုးကြောင်း နစကကြေညာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်