ရန်ကုန်၊ ဒီဇင်ဘာ ၁
ဒေသအသီးသီး၌ စက်သုံးဆီစျေးနှုန်းများမှာ ယနေ့တွင် တရှိန်ထိုးမြင့်တက်လာပြီး ယမန်နေ့ကထက် ဆီအမျိုးအစားအလိုက် တစ်လီတာလျှင် ၃၀၀ ကျပ်ကျော်အထိ စျေးမြင့်တက် လာကြောင်း စက်သုံးဆီစျေးကွက်အတွင်းမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်တွင် ရန်ကုန်မြို့၌ လူသုံးများသည့် ဓာတ်ဆီအမျိုးအစားဖြစ်သော ၉၂ တစ်လီတာလျှင် ၂၁၇၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၃၀၀ ကျပ်နှင့် ဒီဇယ်တစ်လီ တာလျှင် ၂၂၀၀ ကျပ်ရှိရာမှ၊ ယနေ့တွင် ၉၂ တစ်လီတာလျှင် ၂၅၁၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၆၄၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၂၁၀ ကျပ်တို့သို့ အသီးသီးမြင့်တက်လာ ကြောင်း သိရသည်။
“ ဒီနေ့မှ ရုတ်တရတ်ကြီး စျေးတက်လာတာ။ မနေ့ကထက် ၃၀၀ ကျော်လောက်တက်သွားတယ်။ ဒီလိုကြီး ရုတ်တရတ်စျေးတက်လာတော့ ကားဆွဲရတာ ဘယ်လိုလုပ် အဆင်ပြေ တော့မလဲ။ မနေ့ကတည်းက ဆီမထည့်မိတာတောင် နောင်တရနေ ရတယ်။ ဒီဆီစျေးနဲ့က ဘာမှလုပ်ကိုင်စားလို့ရမှာမဟုတ်ဘူး။” ဟု ရန် ကုန်မြို့မှ အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
ယနေ့တွင် ရန်ကုန်မြို့ကဲ့သို့ မန္တလေး၊ နေပြည်တော်အပါအဝင် အခြားဒေသအသီးသီးတွင်လည်း စက်သုံးဆီစျေးနှုန်းများ တရှိန်ထိုးမြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။
ယနေ့ စက်သုံးဆီစျေးနှုန်းများမှာ မန္တလေးမြို့၌ ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၂၅၆၀ ကျပ်၊ ၉၅ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၂၆၉၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ လျှင် ၂၂၆၀ ကျပ်တို့ရှိကာ၊ နေပြည်တော်၌ ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၂၅၅၅ ကျပ်၊ ၉၅ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၂၆၉၀ ကျပ်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၂၅၅ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အခြားဒေသအသီးသီးတွင်လည်း ၉၂ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ဝန်းကျင်၊ ၉၅ အမျိုးအစား ဓာတ်ဆီတစ်လီတာလျှင် ၂၆၀၀ ကျပ်မှ ၃၁၀၀ ကျပ်ဝန်းကျင်နှင့် ဒီဇယ်တစ်လီတာလျှင် ၂၂၀၀ ကျပ် မှ ၃၂၀၀ ကျပ်ဝန်းကျင်တို့ အသီးသီးရှိကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာတစ်လလုံးအတွင်း စက်သုံးဆီစျေးနှုန်းများမှာ အမျိုးအစားအလိုက် တစ်လီတာလျှင် ၂၀၀၀ ကျပ်မှ ၂၃၀၀ ကျပ်ဝန်းကျင်ရှိခဲ့ရာမှ ယနေ့တွင် ရုတ်တရတ်စျေးမြင့် တက်လာခြင်းဟု သိရသည်။
စက်သုံးဆီစျေး ရုတ်တရတ် တရှိန်ထိုးမြင့်တက်လာသည့်အပေါ် ပြီးခဲ့သည့်လအတွင်းမှစ၍ ၉၂ နှင့် ၉၅ အမျိုးအစား ဓာတ်ဆီများ၏တန်ဖိုးမှ ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်က ၎င်းတို့ သတ်မှတ်ထားသည့် ဒေါ်လာလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်ဖြင့်ရောင်းချပေးပြီး၊ ကျန်တန်ဖိုး ၆၀ ရာခိုင်နှုန်းအား ပြင်ပပေါက်စျေး တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ်ကျော် ဖြင့်တွက်ချက်၍ လုပ်ငန်းရှင်များအား ဒေါ်လာရောင်းချပေးခဲ့ပြီး၊ စွမ်းအင်ဝန်ကြီးဌာနမှလည်း ထိုစျေးနှုန်းနှင့် ညှိနှိုင်း၍ နေ့စဉ်စက်သုံးဆီရည်ညွှန်းစျေးအား ထုတ်ပြန်ပေးခဲ့ကြောင်း သိရသည်။
ယနေ့တွင်မူ ဓာတ်ဆီများ၏ တန်ဖိုးမှ ၄၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှ ၎င်းတို့သတ်မှတ်စျေး ၂၁၀၀ ကျပ်ဖြင့် ရောင်းချပေးခြင်းမရှိတော့ပဲ၊ ပြင်ပပေါက်စျေးအတိုင်း ၁၀၀ ရာခိုင်နှုန်း အား သတ်မှတ်လိုက်၍ ဓာတ်ဆီစျေးနှုန်းများ တရှိန်ထိုးမြင့်တက်ခဲ့ခြင်းဟု လုပ်ငန်းရှင်အချို့၏ ပြောဆိုချက်အရ သိရသည်။
၉၂ နှင့် ၉၅ အမျိုးအစား ဓာတ်ဆီနှစ်မျိုး၏ ငွေလဲလှယ်မှုကို ထိုသို့ပြောင်းလဲသတ်မှတ်ခဲ့သော်လည်း၊ ဒီဇယ်ကိုမူ ယနေ့အထိ ဆီတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းအား ဗဟိုဘဏ်၏ သတ်မှတ် ငွေလဲနှုန်း၊ ကျန် ၅၀ ရာခိုင်နှုန်းအား ပြင်ပငွေလဲနှုန်း စသည်ဖြင့် ယခင်အတိုင်းတွက်ချက်လျက်ရှိသဖြင့် ဒီဇယ်စျေးနှုန်းမှာမူ ယမန်နေ့ကစျေးထက် သိသိသာသာမြင့်တက်လာခြင်း မရှိဟု လုပ်ငန်းရှင်အချို့က ပြောသည်။
ယခင်လအတွင်းက စက်သုံးဆီအမျိုးအစားအလိုက် စျေးနှုန်းများကျဆင်းစဉ်က ရန်ကုန်မြို့ရှိဆီဆိုင်များ၌ စက်သုံးဆီမရောင်းချခဲ့၍ လူထုအကြား စက်သုံးဆီဝယ်ယူရ ခက်ခဲမှုကြုံ တွေ့ခဲ့ရသော်လည်း ယနေ့ စက်သုံးဆီစျေးမြင့်တက်ချိန်တွင် ရန်ကုန်မြို့ရှိ စက်သုံးဆီဆိုင်အားလုံး၌ ဆီအမျိုးအစား အစုံအလင်အား လိုအပ်သလောက် ဝယ်ယူ၍ရရှိကြောင်း ရန် ကုန်မြို့မှ အဌားယာဉ်မောင်းများနှင့် ယာဉ်ပိုင်ရှင်များက ပြောကြားသည်။
သတင်း၊ ဓာတ်ပုံ – #မောင်ဇော်
ပုံစာ – ယနေ့တွင် ရန်ကုန်မြို့မှ စက်သုံးဆီဆိုင်တစ်ဆိုင်အား တွေ့ရစဉ်
ယနေ့တွင် စက်သုံးဆီစျေး တရှိန်ထိုးမြင့်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်