ရန်ကုန်၊ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အစပ်ရှိ ကျေးရွာအချို့ ယမန်နေ့က လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံထောင်ချီမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ဒေသတွင်း စစ်ဘေးရှောင်ကူညီသူများ၏ ပြောကြားချက်အရ သိရသည်။
ယမန်နေ့ နံနက် ၁၀ နာရီခွဲခန့်က အဆိုပါမြို့နယ်နှစ်ခု၏အစပ်ရှိ ဘိုက်သရပ်ကျေးရွာနှင့် လည်ငှောက်ကျေးရွာအကြားသို့ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံထောင်ချီ၍ ထွက် ပြေးတိမ်းရှောင်ရခြင်းဟု သိရသည်။
“ တစ်နာရီဝန်းကျင်လောက်ကြာတယ်။ ဒေသခံ ၃၀၀၀ ကျော် ဒီနေ့အထိ ရှောင်နေရတုန်းပဲ။ အဓိက,က လည်ငှောက်အုပ်စုက ရွာဘက်ကို တိုက်ခိုက်ခံရတာ။ ဒဏ်ရာရသူတော့ မရှိဘူး။ သူတို့အတွက် လိုအပ်နေတာကတော့ စားနပ်ရိက္ခာတွေပါ။” ဟု ဒေသတွင်း စစ်ရှောင်များအားကူညီပေးနေသူတစ်ဦးက ပြောကြားသည်။
အဆိုပါ ကျေးရွာတစ်လျှောက်တွင် PDF အဖွဲ့များရှိနေသည့်အတွက် မြေပြင်မှစစ်ကြောင်းများ ဝင်ရောက်နိုင်ရန် ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ ဒေသခံများမှာ အချိန်မှီ ကြိုတင်တိမ်းရှောင်နိုင်ခဲ့၍ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းသိရပြီး နေအိမ်၊ အဆောက်အဦပျက်စီးမှုစာရင်းကို မသိရသေးကြောင်း ၎င်းကပြောသည်။
“ လောလောဆယ် မြေပြင်တိုက်ပွဲတွေလည်းရှိနိုင်တော့ အဲ့ဒီရွာတွေနားကို ဘယ်သူမှမသွားရဲသေးဘူး။” ဟု ပြောသည်။
အလားတူ စက်တင်ဘာ ၂၆ ရက်က ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရှိ ညောင်လှရွာအနီးတစ်ဝိုက်၌ မြေပြင်နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ညောင်လှရွာအနီးတဝိုက်အား လေ ကြောင်းဖြင့် တိုက်ခိုက်ခံခဲ့ရ၍ ဒေသခံထောင်နှင့်ချီကာဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသတွင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများက ပြောကြား သည်။
ဒီပဲယင်းမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့၌ ယခုလပိုင်းအတွင်း နှစ်ဖက်တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ဒေသခံနှစ်သောင်းထက်မနည်းမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စားသောက်ရေးအတွက် အခက်အခဲများ ကြုံတွေ့နေရသည်ဟု ဒေသတွင်း စစ်ရှောင်ကူညီပေးနေသူများထံမှ သိရသည်။
မောင်ဇော်
ဓာတ်ပုံ – ဒေသတွင်း စစ်ရှောင်ကူညီသူများ
ပုံစာ- ဆားလင်းကြီးမြို့နယ်အတွင်း ဒေသခံ စစ်ရှောင်ပြည်သူများအား တွေ့ရစဉ်။
ယင်းမာပင်နှင့် ဆားလင်းကြီးအစပ် ကျေးရွာများ လေကြောင်းတိုက်ခိုက်ခံရ၍ ဒေသခံထောင်ချီ တိမ်းရှောင်နေရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်