ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၅၆.၁၅ သန်းသာရရှိထား

ရန်ကုန်၊ မတ် ၂

၂၀၂၄ – ၂၀၂၅ ဘဏ္ဍာနှစ်၏ ဆယ်လတာကာလအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၅၆ ဒသမ ၁၅ သန်းသာရရှိထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)၏ အချက်အလက်များအရ သိရသည်။

အဆိုပါကာလအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၅၂ ခု ခွင့်ပြုပေးခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် အမေရိကန်ဒေါ်လာ ၃၅၇ ဒသမ ၀၄ သန်းဖြင့် FDI အများဆုံးဝင်ရောက်ခဲ့ကြောင်း သိရသည်။

“ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကိုဗစ်ကာမတိုင်ခင်အခြေအနေကို မရောက်တော့ဘူး။ ယှဉ်ကြည့်ရင် ထက်ဝက်လောက် ကျသွားတာပေါ့။ အကြီးစားရင်းနှီးမြှုပ်နှံမှုက မလာဘူး။ ပမာ ဏအနည်းငယ်လောက်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ကပဲ လာတာများတယ်။” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် စက်မှုကုန်ချောကဏ္ဍ၌ ဒေါ်လာ ၁၄၈ ဒသမ ၆၄ သန်းဖြင့်လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍ၌ ဒေါ်လာ ၈၇ ဒသမ ၇၁ သန်းဖြင့်လည်းကောင်း အသီးသီးဝင်ရောက်ခဲ့ပြီး စင်ကာပူမှ အများဆုံးဝင်ရောက်ထားကာ၊ တရုတ်နှင့် ထိုင်းနိုင်ငံများမှလည်း လာရောက်ကြောင်း DICA မှထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့်ပမာဏသည် အမေရိကန်ဒေါ်လာသန်း ၄၈၈၀ ကျော်ရှိပြီး လက်ရှိရရှိနေသည့် ရင်းနှီးမြှုပ်နှံမှုသည် အလွန်နည်းနေကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – industrialdirectory

#ယနေ့ခေတ်

ယခုဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၅၆.၁၅ သန်းသာရရှိထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.