ရန်ကုန်၊ ဒီဇင်ဘာ ၈
ယခုနှစ်အတွင်း CMP လက်ခစားစနစ်ဖြင့် ချုပ်လုပ်နေသည့် အထည်ချုပ်စက်ရုံများတွက် ပြည်ပနိုင်ငံများမှ အထည်လိပ်ကုန်ကြမ်းတင်သွင်းမှုက အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော်ရှိပြီး တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်းကျော် တင်သွင်းနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းက ပြောသည်။
“ယခုနှစ် အထည်လိပ်ကုန်ကြမ်းတန်ဖိုး အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ဖိုး တင်သွင်းတဲ့အခါမှာ တရုတ်နိုင်ငံက တင်သွင်းမှုရာခိုင်နှုန်းက ၉၀ ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း တွေ့ရှိပါတယ်။” ဟု ဆိုသည်။
နိုင်ငံအတွင်းက အထည်ချုပ်စက်ရုံများအတွက် လိုအပ်နေသည့် CMP အထည်လိပ်ကုန်ကြမ်းများကိုလည်း လုပ်ငန်းအပ်နှံထားသည့်နိုင်ငံများက တရုတ်နိုင်ငံဈေးကွက်မှတစ်ဆင့် ကုန်ကြမ်းပစ္စည်းများ အဓိကတင်သွင်းလျက်ရှိကြောင်း သိရသည်။
“မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်တဲ့သွင်းအားစုတွေကို တရုတ်နိုင်ငံကနေ အဓိကထား ဖြည့်ဆည်းလျက်ရှိရာမှာ ကိုဗစ်-၁၉ ရောဂါလို ကပ်ရောဂါကာလကိုကြည့်မယ်ဆိုရင် ပိုပြီးတော့မြင်သာမှာဖြစ်ပါတယ်။” ဟု ဒုတိယဝန်ကြီးက ဆိုသည်။
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အထည်ချုပ်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၅.၃ ဘီလီယံပမာဏခန့် တင်ပို့နိုင်ခဲ့ပြီး၊ ချုပ်ပြီးအထည်များကို နိုင်ငံပေါင်း ၁၀၀ သို့ တင်ပို့ခဲ့ကြောင်း သိရ သည်။
“လက်ရှိဘဏ္ဍာနှစ်မှာလည်း နိုင်ငံပေါင်း ၈၀ ကျော်ကို အဓိကထားပြီး တင်ပို့ လျက်ရှိပါတယ်။” ဟု ဒုတိယဝန်ကြီးက ဆက်ပြောသည်။
ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ ပြင်သစ်၊ အီတလီ၊ အမေရိကန်၊ ဒိန်းမတ်နှင့် ဘယ်လ်ဂျီယံစသည့် အနောက်နိုင်ငံများသည် အဓိကတင်ပို့သည့် ဈေး ကွက်များဖြစ်ကြောင်း စီးပွား/ကူးသန်းဒုတိယဝန်ကြီး ဦးမင်းမင်း၏ ပြောကြားချက်အရ သိရသည်။
သတင်း/ဓာတ်ပုံ – #စုစု
ယခုနှစ်အတွင်း အထည်လိပ်ကုန်ကြမ်းကို တရုတ်နိုင်ငံမှ ၉၀ ရာခိုင်နှုန်းကျော် တင်သွင်းနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်