ရန်ကုန်၊ စက်တင်ဘာ ၁၄
ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်၌ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံး ၈ လုံးအား ယနေ့နေ့လည်က သိမ်းဆည်းရမိကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယနေ့ နေ့လည်ပိုင်းက မှော်ဘီမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအဝင် လမ်းမဘေး လယ်ကွက်အနီး၌ ပစ်ခတ်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံးများ တွေ့ရှိကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ သွားရောက်စစ်ဆေးရာမှ ၁၀၇ မမ အမျိုးအစား ရှော့တိုက်ဒုံး ၈ လုံးအား သိမ်းဆည်းရမိခဲ့ခြင်းဟု သိရသည်။
“ အနီးက မှော်ဘီလေတပ်စခန်းကို ပစ်ခတ်ဖို့ ချိန်ရွယ်ထားတယ်လို့တော့ ယူဆရပါတယ်။ တကယ်တမ်း ပစ်ခတ်ခဲ့ရင် လူနေရပ်ကွက်တွေကိုပါ ထိခိုက်မှုရှိနိုင်တာပေါ့” ဟု လုံခြုံ ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
အဆိုပါ ရှော့တိုက်ဒုံး ၈ လုံးအား လယ်ကွင်းအတွင်း သဲအိတ်များပေါ်တွင် ပစ်ခတ်နိုင်ရန် အသင့်အနေအထားဖြင့် ထားရှိကာ ထီးတစ်လက်စီဖြင့်အုပ်ထားလျက် တွေ့ခဲ့ရကြောင်း သိရပြီး၊ အဆိုပါ ရှော့တိုက်ဒုံးများအား သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ယခုနှစ်အတွင်း ရန်ကုန်မြို့ရှိ မင်္ဂလာဒုံနှင့် မှော်ဘီရှိ လေတပ်စခန်းများအား ရှော့တိုက်ဒုံးများ၊ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရှိကြောင်း ဒေသအခြေစိုက် လက်နက် ကိုင်အဖွဲ့များက ၎င်းတို့၏ လူမှုကွန်ရက်စာများတွင် သတင်းထုတ်ပြန်ခဲ့သော်လည်း နစက၏ လေတပ်နှင့် နီးစပ်သူများကမူ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုများ မရှိကြောင်း ငြင်းဆို ထားသည်။
မောင်ဇော်
ဓာတ်ပုံ – စီဂျေ
မှော်ဘီ၌ ပစ်ခတ်နိုင်ရန် ချိန်ရွယ်ထားသည့် ရှော့တိုက်ဒုံး ၈ လုံး သိမ်းဆည်းရမိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်