မှတ်ပုံတင်ထားပြီးသည့် အွန်လိုင်းဈေးရောင်းသူများ ဈေးနှုန်းအား CB (Chat Box) လာဟုဆိုလျှင် အရေးယူမည် ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂

အွန်လိုင်းမှ ဈေးရောင်းချသူများ မှတ်ပုံတင်ပြီးပါက ရောင်းချသည့် ကုန်ပစ္စည်းဈေးနှုန်းအား CB (Chat Box) လာဟုဆိုပါက အရေးယူမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားမှူး ဦးထက်ဝင်းအောင်က ပြောသည်။

ယနေ့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင်ပြုလုပ်သည့် အွန်လိုင်းစနစ် ဖြင့် ရောင်းချသူများ မှတ်ပုံတင်နိုင်ရေး အသိပညာပေးခြင်းနှင့် eComReg System စနစ် ဖွင့်လှစ် ခြင်းအခမ်းအနားတွင် ၎င်းကအထက်ပါ အတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“အွန်လိုင်းမှတ်ပုံတင်ပြီးမှ CB (Chat Box) လာဆိုလို့ရှိရင် စားသုံးသူကာကွယ်ရေး ဥပဒေအရရော၊ ဒီတားမြစ်ချက်အရရော အကျုံးဝင်ပြီးတော့ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်။ CB လာလို့တော့မရဘူး။” ဟု ၎င်းကဆိုသည်။

အွန်လိုင်းစနစ် eComReg System ဖြင့် မှတ်ပုံတင်ခြင်းကို ‌ယနေ့ အောက်တိုဘာ ၂ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ Pilot Project ကာလသတ်မှတ်ထားပြီး ယင်းကာလအတွင်း မှတ်ပုံတင်သူများထံမှ အွန်လိုင်းကြေး ကျပ် ၃,၀၀၀ သာ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် eComReg System ဖြင့် မှတ်ပုံတင်နိုင်မည့် လုပ်ငန်းအမျိုးအစားအား ကုန်စည်လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်းဟု နှစ်ခုသတ်မှတ်ထားပြီး၊ ကုန်စည်လုပ်ငန်းတွင် အုပ်စု ၂၂ ခုနှင့် ဝန်ဆောင်မှုလုပ်ငန်းတွင် အုပ်စု ၁၄ ခုတို့ဖြင့် ယာယီသတ်မှတ်ပေးထားကြောင်း သိရသည်။

“ကျွန်မအနေနဲ့ကတော့ မကြိုက်ဘူး။ တကူးတက Cb မှာသွားမေးတာကို မမေးချင်ဘူး။ စျေးနှုန်းတခါတည်းသိရတော့ ဝယ်နိုင်ရင်ဝယ်မယ် မဝယ်နိုင်ရင် မဝယ်ဘူး။” ဟု အွန်လိုင်း ရှော့မှ ဝယ်ယူသူတစ်ဦးကပြောသည်။

သတင်း/ဓာတ်ပုံ – စုစု

#ယနေ့ခေတ်

မှတ်ပုံတင်ထားပြီးသည့် အွန်လိုင်းဈေးရောင်းသူများ ဈေးနှုန်းအား CB (Chat Box) လာဟုဆိုလျှင် အရေးယူမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.