မှတ်ပုံတင်စမတ်ကတ်များ ရှေ့လတွင် ထုတ်ပေးမည်

ရန်ကုန်၊ အောက်တိုဘာ ၁၂

မှတ်ပုံတင်စမတ်ကတ်များကို လာမည့်နိုဝင်ဘာလထဲတွင် ထုတ်ပေးမည်ဖြစ်ကြောင်း လဝကရုံးဝန်ထမ်းတစ်ဦးထံမှ သိရသည်။

မိမိမှတ်ပုံတင်ကို စမတ်ကတ်မှတ်ပုံတင်အဖြစ် ပြောင်းလဲလိုပါက မြို့နယ်လဝကရုံးများတွင် အခမဲ့ပြုလုပ်ပေးနေပြီး မည်သည့်စာရွက်စာတမ်းမှမလိုကြောင်း၊ မိမိမှတ်ပုံတင်ပြရုံဖြင့် ကွန်ပျူတာဖြင့် စကင်ဖတ်ကာ ဂဏန်း ၁၀ လုံး ကုဒ်နံပါတ်ပါဝင်သည့်စလစ်စာရွက် ထုတ်ပေးထားကြောင်း သိရသည်။

“မှတ်ပုံတင်တွေအားလုံး စမတ်ကတ်လုပ်ရမယ်ဆိုလို့ သွားလုပ်ထားတာ။ တခြားစာရွက်စာတမ်းတွေ မလိုဘူး။ ကိုယ့်မှတ်ပုံတင်ပြလိုက်ရင် မျက်နှာကို ကင်မရာလိုဟာမျိုးနဲ့ ကပ် လိုက်တယ်။ နောက်ပြီး ဘယ်ညာလက်သုံးချောင်းစီနဲ့ လက်မနှစ်ဖက်ကို စကင်ဖတ်တယ်။ ပြီးတော့ ကိုယ့်ဓာတ်ပုံနဲ့ ဂဏာန်း ၁၀ လုံးပါတဲ့ စာရွက်တစ်ရွက်ထုတ်ပေးပြီး ရှေ့လမှာ စမတ်ကတ်ထုတ်ပေးမယ်လို့ပြောတယ်။” ဟု စမတ်ကတ်သွားရောက်ပြုလုပ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် စက္ကူဖြင့်ထုတ်ပေးထားသည့် မှတ်ပုံတင်အစား ကွန်ပျူတာဖြင့်စစ်ဆေးနိုင်မည့် စမတ်ကတ်အဖြစ် ပြောင်းလဲနိုင်ရန် တရုတ်နိုင်ငံသို့ အကူအညီတောင်းထားကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ကြိုင်က တရုတ်နိုင်ငံခရီးစဉ်တစ်ခုတွင် ယခုလိုပြောဆိုခဲ့ကြောင်း အင်္ဂလိပ်ဘာသာဖြင့်ထုတ်ဝေသည့် နိုင်ငံပိုင် သတင်းစာတွင် စက်တင်ဘာလ ၂၂ ရက်တွင် ဖော်ပြထားကြောင်း သိရသည်။

စမတ်ကတ်အတွက် ဇီဝဆိုင်ရာအချက်အလက်များဖြစ်သည့် နိုင်ငံသားအမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ လူမျိုး၊ ဆံပင်အရောင်၊ မျက်လုံးအရောင်၊ အရပ်အမောင်းတို့ စသည့် အချက်အလက်များကို ပေးရမည်ဖြစ်ပြီး သေနင်္ဂဗျူဟာ လေ့လာရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက စမတ်ကတ်လုပ်တာကောင်းသည်ဟု ပြည်ပမီဒီယာတစ်ခုကို ယခု လိုဖြေကြားထားသည်။

“မှတ်ပုံတင်ကို စမတ်ကတ်ပြောင်းလိုက်တာ နောက်ပိုင်းဘယ်လောက်ထိ လုပ်နိုင်မလဲဆိုရင် ဒီကတ်တစ်ခုထဲနဲ့ အလုပ်လျှောက်သည်ဖြစ်စေ၊ ဒီကတ်ကိုကြည့်လိုက်တာနဲ့ အလုပ်ရှင် က ကိုယ်ရဲ့ကိုယ်ရေးအချက်အလက်ကို အလွယ်တကူသိနိုင်မယ်။ အီလက်ထရွန်နစ်စနစ်ကို ကောင်းကောင်းသုံးနိုင်ရင် မလိုလားအပ်တဲ့ စာရွက်စာတမ်း၊ အပြင်မှာလုပ်ကြတဲ့ တချို့ သော စာရွက်စာတမ်းကိစ္စတွေ လျှော့ချပေးနိုင်တယ်။ ဒါကတော့ ကောင်းတဲ့အချက်ပေါ့။ ဒီအခြေအနေမှာ အခုလိုလုပ်တာ ဖြစ်နိုင်မလားဆိုရင် မြေပြင်အနေအထားအရ အခက်အ ခဲတွေ ရှိကောင်းရှိလာနိုင်တယ်။” ဟု ဦးသိန်းထွန်းဦးက ပြောသည်။

ပဋိပက္ခများ ဖြစ်ပွားခြင်းမရှိသည့် ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် မှတ်ပုံတင် စမတ်ကတ်ပြောင်းလဲခြင်းကို မြို့နယ်ထွေ/အုပ်နှင့် လဝကဦးစီး ဌာနတို့ ပူးပေါင်းလုပ်ဆောင်နေကြကြောင်း သိရသည်။

အောင်သူရိန်

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

မှတ်ပုံတင်စမတ်ကတ်များ ရှေ့လတွင် ထုတ်ပေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.