မွန်ပြည်နယ်တွင် စားအုန်းဆီတစ်ပိဿာ ကျပ် ၁၆,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်

ရန်ကုန်၊ ဇွန် ၂၇

မွန်ပြည်နယ်အတွင်း  စားအုန်းဆီလိုသလောက် ဝယ်ယူ၍မရခြင်းကြောင့် တစ်ပိဿာ ကျပ် ၁၆,၀၀၀ ကျော်အထိ ဈေးနှုန်းမြင့်တက်နေကြောင်း စားသောက်ကုန်ရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

မွန်ပြည်နယ်တွင် ဇွန်လပထမအပတ်က စားအုန်းဆီတစ်ပိဿာ ကျပ် ၁၀,၀၀၀ သာရှိသော်လည်း ယခုအခါ စားအုန်းဆီတစ်ပိဿာ ကျပ် ၁၆,၀၀၀ အထိ စံချိန်တင်မြင့်တက်လာကြောင်း မွန်ပြည်နယ်မှ စားသောက်ကုန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“မွန်ပြည်နယ်အတွင်း ဝင်ရောက်လာမယ့် စားအုန်းဆီအပါအဝင် ထိုင်းကုန်ပစ္စည်းတွေကို လိုက်လံဖမ်းဆီးနေတာ။ ဒီဘက်မှာက အဓိကအားဖြင့် ယိုးဒယားဘက်ကလာတဲ့ စားအုန်းဆီတွေပဲ အသုံးများကြတယ်။ မြန်မာငွေကြေး ကျဆင်းတာနဲ့ ရန်ကုန်ကနေ လုံလောက်အောင် စားအုန်းဆီဝယ်ယူလို့မရတာကြောင့် စားအုန်းဆီဈေးနှုန်းမြင့်တက်ခဲ့ တာ။” ဟု အ ထက်ပါလုပ်ငန်းရှင်က ဆက်ပြောသည်။

မွန်ပြည်နယ်ဈေးကွက်အတွင်း စားအုန်းဆီအပြင် တဖက်ထိုင်းနိုင်ငံမှ တင်သွင်းလာသည့် ပုဇွန်နှစ်ကောင်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ ၅ လီတာတစ်ပုံးမှာလည်း ယခင်ကကျပ် ၂၀,၀၀၀ ကျော်မှ ယခုအခါ ကျပ် ၃၅,၀၀၀၊ ပဲပိစပ်ဆီ ၅ လီတာတစ်ပုံး ယခင်ကျပ် ၂၅,၀၀၀ ကျော်မှ ယခုအခါ ကျပ် ၄၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

ထိုသို့ စားအုန်းဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် စားအုန်းဆီအသုံးပြုရသည့် လုပ်ငန်းအသေးစားများ ရပ်ဆိုင်းရခြင်းအထိဖြစ်လာကြောင်း မွန်ပြည်နယ်မှ ဆီကြော်မုန့်ရောင်းဝယ်သူတစ်ဦးက ပြောသည်။

“အခုက ဆီဈေးအရမ်းတက်လာတော့ ဘယ်လိုမှမတတ်နိုင်တော့လို့ နားလိုက်တဲ့သူတွေ မနည်းရှိတယ်။ အရင်ကဆို မြို့ထဲမှာ ပဲကြော်ကြော်တဲ့သူက ၂၀ ဦးလောက်ရှိတယ်။ အခုဆို သုံးဦး၊ လေးဦးလောက်ပဲရှိတော့တယ်။ ဆီဈေးက တအားထိုးတက်နေတော့ တခြားအလုပ်ပဲပြောင်းလုပ်ကြတော့တာ။” ဟု ၎င်းကပြောသည်။

လွန်ခဲ့သည့်သုံးနှစ်အတွင်းက မွန်ပြည်နယ်တွင် စာအုန်းဆီတစ်ပိဿာ ကျပ် ၂၀၀၀ ကျော်သာရှိခဲ့ရာမှ ယခုအခါ စားအုန်းဆီဈေး အဆမတန်မြင့်တက်လာခဲ့ပြီး တစ်ပိဿာကျပ် ၁၆,၀၀၀ ကျော်အထိဖြစ်လာကြောင်း သိရသည်။

ခန့်ခန့်

ဓာတ်ပုံ- CJ

ယနေ့ခေတ်

မွန်ပြည်နယ်တွင် စားအုန်းဆီတစ်ပိဿာ ကျပ် ၁၆,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.