ရန်ကုန်၊ မတ် ၂၉
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်နှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တို့တွင် တိုက်ပွဲများကြောင့် ယခုရက်ပိုင်းအတွင်း ဒေသခံ ၅၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းရှိ စစ်ရှောင်ကူညီသူများက ယနေ့ခေတ်သို့ ပြောကြားသည်။
လတ်တလော တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေခြင်းကြောင့် ကော့ကရိတ််မြို့နယ်၊ ကော့ဘိန်း၊ ကော့ပေါက်ကျေးရွာ၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသ၊ တရနာ စသည့်ကျေးရွာများ အပါအဝင် ကျေးရွာငါးရွာထက်မနည်းမှ ဒေသခံ ၅၀၀၀ ခန့်မှာ ဂျိုင်းမြစ်အားဖြတ်ကူး၍ တစ်ဖက်ကမ်းရှိကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ လက်ရှိထွက်ပြေးနေရတဲ့သူ အရေအတွက်က ငါးထောင်လောက်ရှိတယ်။ ဓမ္မသရွာမှာဆို ဒီမနက်အထိ မီးလောင်နေတုန်းဆိုတော့ တော်တော်များများထွက်ပြေးရတယ်။ သူတို့က ဂျိုင်းမြစ်ကိုဖြတ်ကူးပြီး တစ်ဖက်ကမ်းက ခရားပြင်ဘက်ကို ကူးလာကြတာ။ ကျွန်တော်တို့က ခရားပြင်ဘက်ကနေ သူတို့သွားချင်တဲ့ နေရာတွေကို ပို့ဆောင်ကူညီပေးနေတာပါ။” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း(ဘားအံ)မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောကြားသည်။
စစ်ရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်မှုများ ရှိနေကြောင်းလည်း သိရသည်။
မတ် ၂၄ ရက်၊ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာရှိရဲစခန်းအား ဒေသတွင်းလက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ရာမှ ထိုဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားလာခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ထို့နောက် တိုက်ပွဲမှာ ကျိုက်မရောမြို့နယ်အတွင်း ကူးစက်ခဲ့ပြီးနောက် မတ် ၂၇ ရက်နှင့် မတ် ၂၈ ရက်နေ့တို့တွင် နေအိမ်သုံးထောင်ဝန်းကျင်ခန့်ရှိသော ဓမ္မသကျေးရွာမီးရှို့ခံရပြီး နေအိမ်ထောင်ချီ၍ ပျက်စီးခဲ့ကြောင်း သိရသည်။
ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်း၊ ကော့ပေါက်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသ၊ တရနာ စသည့်ကျေးရွာများမှာ နီးကပ်စွာတည်ရှိသော ကျေးရွာများဖြစ်ပြီး တိုက်ပွဲများပြင်းထန်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။
လတ်တလောတွင် အဆိုပါဒေသ၌ နစကတပ်များနှင့် KNU ၊ PDF လက်နက်ကိုင်အဖွဲ့များ၊ မွန်ပြည်သစ်ပါတီမှခွဲထွက်ထားသည့် အဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားးလျက်ရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ- မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း (ဘားအံ) ၊ စီဂျေ
မွန်နှင့် ကရင်ပြည်နယ်အစပ်တွင် တိုက်ပွဲပြင်းထန်နေမှုကြောင့် ဒေသခံ ၅၀၀၀ ခန့် ထွက်ပြေးတိမ်းရှောင်ရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်