မွန်နှင့်ကရင်ပြည်နယ်အား ဆက်သွယ်ထားသည့် အတ္ထရံတံတား တိုက်ပွဲကြောင့်ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

မွန်ပြည်နယ်၊ ကျိုက်မရော၊ သထုံမြို့နယ်တို့နှင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တို့ကို ဆက်သွယ်ထားသည့် အတ္ထရံတံတားမှာ ယမန်နေ့က တိုက်ပွဲကြောင့်ပျက်စီးခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

အတ္ထရံမြစ်အား ဖြတ်သန်းတည်ဆောက်ထားကာ ပြည်နယ်နှစ်ခုအား ဆက်သွယ်ထားပြီး ချောင်းနှစ်ခွတံတားဟုလည်းခေါ်ဆိုသည့် အဆိုပါတံတားအား ဒေသတွင်းလက်နက်ကိုင် အဖွဲ့က သိမ်းပိုက်ပြီးနောက် ယမန်နေ့က တိုက်ပွဲဖြစ်ပွားစဉ်အတွင်း တံတားပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အဲ့ဒီတံတားက လမ်းပန်းဆက်သွယ်ရေးအရ အရေးပါတဲ့ တံတားပါ။ သူက မုဒုံ၊ ကျိုက်မရောလမ်းကနေ ကြာအင်းဆိပ်ကြီးတို့၊ မြဝတီတို့ဘက်ကိုသွားတဲ့ လမ်းပေါ်မှာရှိတဲ့တံတား။ အခုတော့ သွားလာလို့မရတော့တဲ့အပြင် တံတားနားမှာလည်း တိုက်ပွဲဆက်ဖြစ်နေတယ်လည်းကြားတယ်။ ဘယ်အဖွဲ့ကြောင့် ပျက်စီးသွားတယ်လို့တော့ မသိရဘူး။” ဟု မုဒုံမြို့နယ် တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

တံတားပျက်စီးခဲ့သည့်အပေါ် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် Lion Battalion စစ်ကြောင်းမှ သတင်းထုတ်ပြန်ရာတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားစဉ် လေကြောင်းတိုက် ခိုက်ခံရ၍ ပျက်စီးခဲ့ခြင်းဟု ဆိုသည်။

တံတားပျက်စီးခဲ့မှုအပေါ် လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက ပြောကြားရာတွင် Lion Battalion စစ်ကြောင်းအဖွဲ့မှ တံတားအား မိုင်းခွဲခဲ့၍ ပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။ မည်သည့်အတွက်ကြောင့် တံတားပျက်စီးခဲ့သည်ကို ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။

ယခုအခါ တံတားအရှေ့ဘက်ကမ်းရှိ ကွန်ကရစ်ချဥ်းကပ်လမ်းနှင့် သံဘေလီတံတားမှာ ပြတ်ကျပျက်စီးခဲ့ကာ လူနှင့်ယာဉ်များ လုံးဝသွားလာ၍မရတော့ကြောင်း ဒေသခံများက ပြောသည်။ ထို့ပြင် ယနေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ၍ တံတားအနီးရှိ ချောင်းနှစ်ခွကျေးရွာမှ ဒေသခံအားလုံးနီးပါး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါတံတားမှာ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွင်းက ကျပ်သန်း ၄၅၀၀ အကုန်အကျခံကာ တည်ဆောက်ထားသော သံကူကွန်ကရစ်အမျိုးအစား တံတားဖြစ်ပြီး အရှည်ပေ ၅၄၈ ပေနှင့် ယာဉ်သွားလမ်းအကျယ်မှာ ၂၄ ပေရှိကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

အတ္ထရံတံတားမှာ မုဒုံ-ကျွန်းရွာ-တောင်ကလေး-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပေါ်တွင်တည်ရှိကာ မြဝတီနှင့် ဘုရားသုံးဆူမြို့နယ်တို့အထိ သွားရောက်နိုင်သောလမ်းပေါ်တွင် တည်ဆောက်ထားသော တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၌ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲများကြောင့် တံတားသုံးစင်းထက်မနည်း ပျက်စီးခဲ့ပြီး ဒေသခံများ သွားလာရခက်ခဲမှုကို ကြုံတွေ့လျက်ရှိနေကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မွန်နှင့်ကရင်ပြည်နယ်အား ဆက်သွယ်ထားသည့် အတ္ထရံတံတား တိုက်ပွဲကြောင့်ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.