ရန်ကုန်၊ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ မြောက်ယမားချောင်းထဲ၌ ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသား ၄ ဦး၏ ရုပ်အလောင်းများအား ယမန်နေ့က တွေ့ခဲ့ရကြောင်း ဒေသခံ များထံမှ သိရသည်။
မြောက်ယမားချောင်းအတွင်း ယမန်နေ့ နံနက်ပိုင်းက လည်ပင်းလှီးဖြတ်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား ၃ ဦး၏ ရုပ်အလောင်းများအား တွေ့ရှိပြီးနောက် ထိုနေ့ညနေပိုင်းတွင် နောက် ၁ ဦး၏ ရုပ်အလောင်းအား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။
“ သေဆုံးသူ ၄ ဦးစလုံးက ရွာသားတွေပါ။ ဩဂုတ် ၁၀ ရက်က နွားစာကျွေးပြီး ရွာထဲပြန်လာချိန် ဖမ်းစီးခံရပြီး အခုမှသေဆုံးနေတဲ့ အလောင်းတွေကို ချောင်းထဲကတွေ့ရတာ“ ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူများမှာ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ရွာမှ တောင်သူများဖြစ်ပြီး ဩဂုတ် ၁၀ ရက်က စစ်ကြောင်းဝင်ရောက်လာစဉ် ဖမ်းဆီးခံရသူများဖြစ်ပြီး၊ ဩဂုတ် ၁၄ ရက်တွင် မြောက်ယမားတံတားပေါ်တွင် သတ်ဖြတ်ခံရပြီးနောက် ချောင်းအတွင်း ပစ်ချခံရသူများဖြစ်ကြောင်း မြို့နယ်သတင်းမှန် ပြန်ကြားရေးဆိုသည့် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ထားသည်ကိုတွေ့ရပြီး ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။
ထို့ပြင် ဩဂုတ် ၁၀ ရက်က နစကစစ်ကြောင်းများ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား လုံခြုံရေးဆောင်ရွက်ရန် ပုလဲမြို့နယ်မှ ယင်းမာပင်မြို့နယ် ဘက်သို့ ရောက်ရှိလာပြီး လည်ငေါက်ကျေးရွာအတွင်း ဝင်ရောက်လာကြောင်း၊ ထို့နောက် ဩဂုတ် ၁၄ ရက်က ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများက ဆိုသည်။
ယခုဩဂုတ်လအစပိုင်းက ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအားလုပ်ကိုင်နေသည့် ဝမ်ပေါင်ကုမ္ပဏီက မြေယာအငြင်းပွားမှုဖြစ်နေသည့် ဝက်မှေးရွာ ဟောင်းတစ်ခုလုံးအား ခြံစည်းရိုးခတ်ခဲ့ပြီး လုံခြုံရေးလည်းတိုးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းနှင့် အနီးတဝိုက်ဒေသများတွင် စစ်ရေးအရ တင်းမာမှုများရှိနေကာ နစကစစ်ကြောင်းများနှင့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ခပ်စိပ်စိပ်ပြန်လည်ဖြစ်ပွားလျက်ရှိနေပြီး ရက်ပိုင်းအတွင်း သတ်ဖြတ်ခံရမှုနှင့် ကျည်ထိမှန်မှုတို့ကြောင့် ဒေသခံ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဖြစ်စဉ်အားသိရှိသူတစ်ဦးက ပြောသည်။
မောင်ဇော်
ဓါတ်ပုံ – ဒေသတွင်း စစ်ရှောင် ကူညီစောင့်ရှောက်သူများ အဖွဲ့
မြောက်ယမားချောင်းထဲ၌ ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား ၄ ဦး၏ ရုပ်အ လောင်း တွေ့ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်