ရန်ကုန်၊ ဒီဇင်ဘာ ၁၂
တရုတ်နိုင်ငံ၏အကူအညီဖြင့် MNDAA၊ TNLA နှင့် AA စသည့် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့သုံးဖွဲ့နှင့် နိုင်ငံရေးအရဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့က နိုင်ငံပိုင်မီဒီယာသို့ ပြောသည်။
တရုတ်နိုင်ငံ၏ အကူအညီဖြင့် နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆွေးနွေးမှုအပေါ်မူတည်၍ ယခုလကုန်ခန့်တွင်လည်း ထပ်မံဆွေးနွေးသွားရန်ရှိ ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
“ မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိ နှိုင်းရေးကော်မတီက တာဝန်ရှိသူတဲ့သူတွေနဲ့ MNDAA၊ TNLA၊ AA အဖွဲ့က တာဝန်ရှိတဲ့သူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုအပေါ်မှာ မူတည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ်မံဆွေး နွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်။” ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထိုသို့ ပြောကြားသော်လည်း မည်သည့်အချိန်က မည်သည့်နေရာတွင် ဆွေးနွေးခဲ့ကြောင်းကို ထုတ်ဖော်ပြောကြားခြင်းတော့ မရှိပေ။
ယမန်နေ့က တရုတ်နိုင်ငံ၊ ပေကျင်းတွင်ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ မော်နင်းက ပြောကြားရာတွင် ရှမ်းပြည်နယ် မြောက်ပိုင်းအရေး ဆွေးနွေးမှုအခြေအနေ တိုးတက်မှုရှိကြောင်း ပြောကြားခဲ့ပြီးနောက် နစက ပြောရေးဆိုခွင့်ရှိသူကလည်း ဆွေးနွေးမှုနှင့် ပတ်သတ်၍ ထုတ်ဖော်ပြောကြားလာ ခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ အကူအညီဖြင့် နှစ်ဖက်ဆွေးနွေးမှုကို နစကဘက်မှ ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ ခေါင်းဆောင်ပိုင်းများ တက်ရောက်ဆွေးနွေးခဲ့ ကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်ကိုကိုးကား၍ ဘီဘီစီသတင်းဌာနက သတင်းဖော်ပြထားသည်။
ထို့ပြင်နိုင်ငံရေးဝန်ကြီး ဦးသန်းဆွေသည် ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
အောက်တိုဘာ ၂၇ ရက်မှစ၍ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ၁၀၂၇ အမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ဆင်ရေးများဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုစစ်ဆင်ရေးများ ကြောင့် အဆိုပါဒေသတွင် နေ့စဥ်နီးပါး တိုက်ပွဲဖြစ်ပွားလျက်ရှိကာ ယနေ့အထိ ဒေသခံ ခြောက်သောင်းထက်မနည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ထို့ပြင် တိုက်ပွဲကြောင့် ဒေသခံငါးဆယ်ဦးထက်မနည်း သေဆုံးကာ နေအိမ်၊ အဆောက်အအုံများနှင့် လမ်းတံတားများပါ ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်ကလည်း ရခိုင်ပြည်နယ်၌ နစကတပ်များနှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေစဥ် ဂျပန်နိုင်ငံမှ နိပွန်ဖောင်ဒေးရှင်း၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် လူသားချင်း စာနာထောက်ထားမှုအရ အပစ်အခတ်ရပ်စဲခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – MOI
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်