ရန်ကုန်၊ ဇန်နဝါရီ ၄
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ Su Zin Pet Hotel မီးလောင်မှုဖြစ်ပွားခဲ့ပြီး ထိုဂေဟာအတွင်း၌ ထိန်းသိမ်းစောင့်ရှောက်ထားသည့် ခွေးနှင့် ကြောင် အကောင် ၈၀ ခန့် မီး လောင်သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၃ ရက်၊ ည ၇ နာရီ ၄၄ မိနစ်တွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့ နယ်၊ (၄၈) ရပ်ကွက်၊ အောင်ဆန်းသူရိယလှသောင်းလမ်း၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ လူနေအိမ်အချို့ နှင့် Su Zin Pet Hotel တို့ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
“ အဲ့နားကလူတွေပြောတာတော့ အမှိုက်ပုံမီးရှို့ရင်း ဓာတ်ကြိုးပါထိပြီး ဂေဟာအထိမီးစွဲပြီး မီးကြီးတာတဲ့။ လူတွေတော့ ပြေးလို့လွှတ်တယ်။ ကလေး ၈၀ ကျော်လောက် မီးထဲပါသွား တယ်။” ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် ဂေဟာအပါအဝင် နေအိမ်အချို့ပျက်စီးခဲ့ပြီး အဆိုပါဂေဟာမှာ မီးကူးစက်လောင်ကျွမ်းစဥ် တံခါးများပိတ်ထားသဖြင့် ကြောင်နှင့် ခွေးလေးများ၏ အသက် အားလုံးကို ကယ်တင်နိုင်ခြင်းမရှိခဲ့ကြောင်း ကူညီပေးခဲ့သည့် ပရဟိတအသင်းသားအချို့ထံမှသိရသည်။
“ သဘာဝဘေးဆိုတာ အချိန်မရွေးဖြစ်နိုင်တယ်။ Safety plan ရှိရမယ်။ ညစောင့်ထားရမယ်။ ကလေးတွေကို တကယ်ချစ်တဲ့စိတ်နဲ့ အလုပ်လုပ်နေတာဆို ကိုယ့်သားသမီးမှမဟုတ်ဘူး။ ဘယ်ကလေးမဆို စိတ်မချတဲ့စိတ် တိချစ်သူတိုင်းမှာရှိတယ်။ ဂေဟာက ရက်စက်လွန်းတယ်။” ဟု တိချစ်သူတစ်ဦးက ပြောသည်။
ဂေဟာ၌ ခွေးနှင့် ကြောင် အကောင်ရေထောင်ချီကာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး၊ မီးထဲတွင် ကြောင်လေးများအားလုံးပါသွားခဲ့ပြီး၊ ခွေးလေးတစ်ချို့အပါအဝင် အကောင်ရေ ၈၀ ခန့် မီးကူးစက်လောင်ကျွမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုမှာ ည ၈ နာရီဝန်းကျင်တွင် ငြိမ်းသွားခဲ့ပြီး၊ ယနေ့နံနက်တွင် တိချစ်သူများမှ ဂေဟာအတွင်းကျန်ရှိခဲ့သည့် ခွေးလေးများအား ပိုင်ရှင်များလာရောက်ခေါ်ဆောင်နိုင် ရန် ကူညီပေးခဲ့ပြီး၊ အစာကျွေးမွေးပေးခဲ့ကြကြောင်း သိရသည်။
ဓာတ်ပုံ-စီဂျေ၊ ပရဟိတအသင်း
မြောက်ဒဂုံ Su Zin Pet Hotel မီးလောင်၊ ခွေးနှင့် ကြောင် အကောင် ၈၀ ခန့် မီးလောင်သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်